In partnership with  logo
အင်တာဗျူးမှာ မေးမြန်းသူက ကိုယ့်ရဲ့အပြုအမူကို အချိန်ပြည့် လေ့လာအကဲခတ်နေမှာပါ။

ကိုယ်လိုချင်တဲ့ အလုပ်ကို လျှောက်ထားလိုက်ပြီး အလုပ်က အင်တာဗျူးခေါ်ပြီဆိုရင် ဘယ်သူမဆို ပျော်မြူးရင်ခုန်တတ်ကြပါတယ်။ အလုပ်ရဖို့ မျှော်လင့်ထားတဲ့ နေရာမှာ ရလဒ်ကောင်းတွေ ရချင်တတ်ကြစမြဲပါပဲ ။ ဒါပေမယ့် လုံးဝမလုပ်သင့်တဲ့ အမှားတွေ လုပ်မိသွားပြီဆိုရင်တော့ ဒါဟာ ကိုယ်အလုပ်ရနိုင်မယ့် အခွင့်အရေး လက်လွတ်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အလုပ်အင်တာဗျူးဖြေဆိုတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ဖြတ်ကျော်နိုင်ဖို့ ၊ အင်တာဗျူးအပြီးမှာ စိတ်မသက်မသာ ခံစားရတာမျိုးတွေ မရှိစေဖို့နဲ့ မေးမြန်းသူက ကိုယ့်အပြုအမူအနေအထိုင်ကို စိတ်ကျေနပ်စေဖို့ အတွက် အင်တာဗျူးမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမူတွေအကြောင်း ပြောပြပေးချင်ပါတယ်။



၁။ ကုမ္ပဏီအကြောင်း ဂဃနဏမသိခြင်း

ကိုယ် အလုပ်လိုချင်တဲ့ ကုမ္ပဏီအကြောင်းကိုတော့ သိအောင် လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်နေချိန်မှာ အင်တာနက်ပေါ်ကနေတစ်ဆင့် ကိုယ် အလုပ် လိုချင်နေတဲ့ ကုမ္ပဏီက ဘာတွေလုပ်နေလဲ၊ ဘယ်လိုပုံစံနဲ့ သွားနေတာလဲ၊ ဘယ်လိုမျိုး မူဝါဒတွေ ရှိသလဲဆိုတာကို အပြည့်အစုံ မဟုတ်ရင်တောင် အကြမ်းဖျင်း သိနိုင်ပါတယ်။

၂။ လစာအကြောင်းကို အစောတလျင်ပြောခြင်း

ဘယ်သူမဆို ငွေအတွက် အလုပ်လုပ်ကြတာမှန်ပေမယ့် အလုပ်တာဝန်တွေ အကြောင်းမှ မပြောရသေးခင် လစာကိစ္စကို အာရုံရောက်နေတာမျိုးကလည်း စိတ်ပျက်စရာကောင်းတဲ့ သူတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ အင်တာဗျူးမှာ လစာအကြောင်းဆွေးနွေးလို့ရပေမယ့် ဘယ်လောက် စွမ်းရည်တွေ ရှိတယ်၊ လုပ်နိုင်စွမ်းအားတွေ ဘယ်လောက်ရှိတယ်ဆိုတာကို အရင်ဆွေးနွေးဖို့ လိုပါမယ်။

၃။ အချိန်မတိကျခြင်း

အချိန်မတိကျတာကလည်း လုံးဝမလုပ်သင့်တဲ့ အချက်ပါပဲ။ အချိန်နောက်ကျမှ မဟုတ်ပါဘူး။ အချိန်အရမ်းစောလွန်းနေတာကလည်း အဆင်မပြေပါဘူး။ ခုနောက်ပိုင်းမှာ ကုမ္ပဏီတိုင်းလိုလိုက Schedule တွေနဲ့ စီစဥ်ထားတာဖြစ်တဲ့အတွက် အချိန်နောက်ကျလွန်းတာ ၊ အချိန်စောလွန်းတာတွေကလည်း သင့်ကို အမှတ်လျော့သွားစေနိုင်ပါတယ်။

၄။ အရင်အလုပ်အကြောင်းမကောင်းပြောခြင်း

ဘယ်လောက်ပဲ ကိုယ်က အလုပ်မကောင်းလွန်းလို့ အလုပ်ပြောင်းချင်နေပါစေ၊ အင်တာဗျူးမှာတော့ အရင်က အထက်လူကြီးမကောင်းကြောင်း၊  အရင်အလုပ်မကောင်းကြောင်းတွေကို မပြောမိဖို့ လိုပါတယ်။ ကိုယ် ဒီအလုပ်နဲ့ ဘယ်လိုကိုက်ညီတဲ့အကြောင်း၊ ကိုယ် ဘာတွေလုပ်နိုင်တဲ့ အကြောင်းကိုသာ ပြောပါ၊ မဆိုင်တာတွေ အင်တာဗျူးထဲထည့်သွင်းပြောဆိုခြင်းက အင်တာဗျူးသူရော ကိုယ့်ကိုပါ စိတ်မသက်မသာ ခံစားရစေပါတယ်။

လုပ်ငန်းအတွေ့အကြုံမရှိရင်တောင် စိတ်အားထက်သန်မှု အပြည့်အဝရှိနေတာမျိုးကို သဘောကျ နှစ်ခြိုက်တတ်ကြပါတယ်။

Photo - Freepik

၅။ စိတ်အားထက်သန်မှုမရှိခြင်း

အင်တာဗျူးသူတွေက အလုပ်လာလျှောက်တဲ့သူတွေကို လုပ်ငန်းအတွေ့အကြုံမရှိရင်တောင် စိတ်အားထက်သန်မှု အပြည့်အဝရှိနေတာမျိုးကို သဘောကျ နှစ်ခြိုက်တတ်ကြပါတယ်။ အင်တာဗျူး လာဖြေပြီး လုပ်ချင်သလိုလို မလုပ်ချင်သလိုလို အေးတိအေးစက် မလှုပ်မယှက် လုပ်နေမယ်ဆိုရင်တော့ အလုပ်ရဖို့က မကျိန်းသေတော့ပါဘူး။ 

၆။ မေးခွန်းပြန်မမေးခြင်း

အင်တာဗျူးဖြေတယ်ဆိုတာ မေးသမျှ ဖြေပြီး ပြန်လာဖို့ မဟုတ်ပါဘူး။ ကိုယ်ကလည်း မေးခွန်းတွေ မေးတတ်ရပါမယ်။ မေးစရာရှိလား ဆိုတဲ့ မေးခွန်းကို မရှိပါဘူးလို့ ဖြေလိုက်တာဟာ စိတ်ဝင်စားမှုမရှိပါဘူးလို့ ဖြေလိုက်သလိုပါပဲ။ ကိုယ်လုပ်ရမယ့်အရာတွေ၊ တာဝန်တွေ နဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကိုယ်သိထားသင့်တဲ့ အကြောင်းအရာ အချို့ကို ပြန်လည် မေးမြန်းသင့်ပါတယ်။

၇။ စကားအများကြီးပြောလွန်းခြင်း

အင်တာဗျူးမှာ စကားအများကြီးပြောလွန်းတာလည်း လုံးဝမလုပ်သင့်တဲ့ အလုပ်ပါပဲ။ မတုန်မလှုပ်နဲ့ အေးတိအေးစက်နေတာလည်းမကောင်းသလို ကရားရေလွှတ် တတွတ်တွတ် ပြောနေတာတွေကလည်း အင်တာဗျူးမှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ ဒါကလည်း အလုပ်ရနိုင်ခြေ နည်းပါးသွားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

၈။ ဖုန်းမပိတ်ထားခြင်း

ကိုယ့်နာမည်ခေါ်လိုက်ပြီး အင်တာဗျူးစပြီဆိုတာနဲ့ ဖုန်းပိတ်ထားတာ ၊ ဒါမှမဟုတ် အသံပိတ်လိုက်တာမျိုး လုပ်ထားသင့်ပါတယ်။ အင်တာဗျူးဖြေဆိုချိန်နေမှာ ဖုန်းလာနေတာ၊ ဖုန်းကို မကြာခဏ ချနေရတာ ၊ ဖုန်းကိုပဲ အာရုံရောက်နေတာတွေက နှစ်ဦးနှစ်ဖက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဖုန်းကို ပိတ်ထားလိုက်တာက အကောင်းဆုံးပါပဲ။

အခုပြောပြခဲ့တဲ့ အချက်တွေကတော့ အလုပ်အင်တာဗျူးဖြေတော့မယ်ဆိုရင် လုံးဝမပြုမူသင့်တဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေဟာ ဘာမဟုတ်တဲ့ အချက်တွေလို့ ထင်နိုင်ကောင်းပေမယ့် ဒါဟာ ကိုယ့်ကို အလုပ်ခန့်အပ်ဖို့ တန့်သွားစေတဲ့ အကြီးမားဆုံး အကြောင်းအရာတွေ ဖြစ်နေတာကြောင့် အင်တာဗျူးဖြေဆိုမယ့်သူတွေအနေနဲ့ ဒီအချက်တွေကို သတိထားရှောင်ကြဥ်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က