In partnership with  logo
အလုပ်တွေက CV တွေကို ရွေးချယ်ခေါ်ယူကြရာမှာ အရည်အချင်းသာမက CV ပုံစံကိုလည်း အဓိကထားကြည့်ပါတယ်။

အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အလုပ်ကို ရဖို့အတွက် ပထမဆုံးအဆင့်ဖြစ်တဲ့ အလုပ်လျှောက်လွှာ (CV) ကို အကောင်းဆုံးဖြစ်အောင် ရေးသားဖို့က အရမ်းကို အရေးကြီးပါတယ်။ CV တင်ထားသူတိုင်းကို အင်တာဗျူးခေါ်လေ့မရှိဘဲ ရွေးချယ်ခေါ်ယူကြရာမှာ အရည်အချင်းသာမက CV ပုံစံကိုလည်း အဓိကထားကြည့်ပါတယ်။

ကိုယ့်ကို အလုပ်ခန့်မယ့် အရာရှိက လူကိုမမြင်ခင်မှာ CV မြင်လိုက်တာနဲ့ အင်တာဗျူး တန်းခေါ်ချင်သွားစေလောက်မယ့် အလုပ်လျှောက်လွှာကို ဘယ်လို ရေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။



၁။ ရှင်းလင်းသေသပ်စွာ ရေးပါ

ပထမဆုံးအချက် သတိထားရမှာကတော့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ ဟာ ရှုပ်ယှက်ခတ်ပြီး အရေးအသားတွေ ရှုပ်ထွေးနေတာမျိုး မဖြစ်ရပါဘူး။ CV ဖောင်ကို တိကျ ရှင်းလင်းပြီး ဖတ်ရလွယ်ကူတဲ့ ပုံစံမျိုး ရေးသားဖို့လိုပါတယ်။ စာလုံးပေါင်းအမှားတွေလည်း မပါသွားပါစေနဲ့။

၂။ လုပ်ငန်းအတွေ့အကြုံကို တိတိကျကျရေးပါ

အလုပ်တစ်ခုရဖို့အတွက် နောက်ထပ် အရေးကြီးတဲ့အပိုင်းက လုပ်ငန်းအတွေ့အကြုံပါပဲ။ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာမှာ လုပ်ငန်းအတွေ့အကြုံရေးသားတဲ့အခါမှာ ကိုယ့်ရဲ့ ရာထူး ၊ လုပ်သက်နဲ့ တာဝန်ယူခဲ့ရတဲ့ အပိုင်းတွေကို သေသေချာချာတိတိကျကျ ရေးသားဖော်ပြပေးပါ။ အရင်အလုပ်တွေမှာလည်း Professional ကျကျ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း အလုပ်လျှောက်လွှာထဲမှာ မြင်သာနေအောင် ရေးသားပါ။

ကိုယ်ဟာ လျှောက်ထားတဲ့ အလုပ်ရာထူးနဲ့ ကိုက်ညီသူတစ်ဦးဖြစ်တဲ့ အကြောင်း ပေါ်လွင်အောင် ရေးသားဖို့ လိုပါတယ်။

photo - Freepik

၃။ လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီအကြောင်း ထည့်ရေးပါ

ကိုယ်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေရဲ့ နာမည်၊ လုပ်ကိုင်ခဲ့တဲ့ ရာထူး နဲ့ စတင်ဝင်ရောက်ခဲ့တဲ့ နေ့ရက်တွေ ၊ အလုပ်ထွက်ခဲ့တဲ့ နေ့ရက်တွေ စတာတွေကို ရှင်းရှင်းလင်းလင်း ရေးသားဖို့တော့ လိုပါလိမ့်မယ် ။ လက်ရှိ အလုပ်လုပ်နေသူဆိုရင်လည်း လက်ရှိလုပ်နေတဲ့ အလုပ်ရဲ့ ရာထူး ၊ စတင် လုပ်ဆောင်ခဲ့တဲ့ အချိန်တွေပါ ပါဝင်အောင် တစ်ခုချင်းစီ ရေးသားဖော်ပြရပါမယ်။

 ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ဘယ်လို ကုမ္ပဏီဖြစ်တယ် (ဥပမာ - မီဒီယာလုပ်ငန်း ၊ ကုန်သွယ်ရေးလုပ်ငန်း ၊ အာမခံလုပ်ငန်း စသဖြင့် ) ရေးသားထားမယ်ဆိုရင် အကောင်းဆုံးပါပဲ။  

 ၄။ ကိုယ့်ရဲ့ တိုးတက်မှုအကြောင်းတွေပါပါစေ

လုပ်ငန်းအတွေ့အကြုံရေးသားတဲ့အခါမှာ ကိုယ့်ကြောင့် တိုးတက်သွားတဲ့ ၊ အောင်မြင်သွားတဲ့ အရာတွေကို ထည့်ရေးနိုင်ရင်တော့ ပိုကောင်းပါတယ်၊

 ဥပမာ - ကိုယ့်ကြောင့် ရာခိုင်နှုန်း ဘယ်လောက် ရောင်းအားတက်သွားတယ် ဆိုတာမျိုး၊ Content Writer ဆိုရင်လည်း ကိုယ်ရေးသားတဲ့ ဆောင်းပါးတွေကြောင့် ဖတ်ရှုသူဘယ်လောက် တိုးလာတယ်ဆိုတာမျိုး ထည့်ရေးနိုင်ရင်တော့ ပိုကောင်းပါတယ်။ လုပ်သက်ဘယ်လောက်မှာ ရာထူးတိုးသွားတယ် ဆိုတာမျိုးတွေ ထည့်သွင်းရေးသားပေးသင့်ပါတယ်။

၅။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားတွေကို ပေါ်လွင်အောင် ရေးသားပါ

ကိုယ်ဟာ လျှောက်ထားတဲ့ အလုပ်ရာထူးနဲ့ ကိုက်ညီသူတစ်ဦးဖြစ်တဲ့ အကြောင်း ပေါ်လွင်အောင် ရေးသားဖို့ လိုပါတယ်။ လက်ရှိအလုပ် ဒါမှမဟုတ် ထွက်ခဲ့တဲ့ အလုပ်မှာ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ သေချာစဥ်းစားပြီး စာရွက်အလွတ်မှာ တစ်ခုမကျန်ချရေးပြီးမှ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာထဲမှာ ပြန်လည်ဖြည့်သွင်းပါ၊ ကိုယ့်ရဲ့ စွမ်းရည်တွေက ဘာတွေလဲ၊ ကိုယ်က စကားပြောကောင်းသူလား၊ စာရေးကောင်းသူလား၊ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သူလား စသဖြင့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း အလုပ်လျှောက်လွှာထဲမှာ အချက်အလက်တစ်ခုအနေနဲ့ ထည့်သွင်းရေးသားဖို့ လိုအပ်ပါတယ်။

 ၆။ စာစီစာကုံးလို မရေးပါနဲ့

အထက်ပါ အကြောင်းအရာတွေကို ပြည့်စုံအောင် ရေးသားရမယ်ဆိုပေမယ့်လည်း စာစီစာကုံးကြီးသဖွယ် အများကြီး စာပိုဒ်လိုက် ထည့်သွင်းရေးသားစရာမလိုပါ။ ကိုယ်က လုပ်သက်အများကြီး ရှိနေလို့ ဆိုပြီး ကိုယ့်ရဲ့ လုပ်သက်အတွေ့အကြုံတွေကို တရှည်တလျား ရေးသားထားမယ်ဆိုရင်လည်း ကိုယ့်ကို အလုပ်ခန့်မယ့်သူအနေနဲ့ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ ကို အချိန်ပေးပြီး အကြာကြီး လိုက်ဖတ်မနေနိုင်ဘူးဆိုတာကို သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် အချက်အလက် စုံစုံနဲ့ လိုတိုရှင်း ရေးသားဖော်ပြနိုင်ဖို့သာ လိုအပ်ပါတယ်။

 ကိုယ့်ရဲ့ အလုပ်လျှောက်လွှာဟာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေကို စာသားနဲ့ ဖော်ပြထားတာဖြစ်တဲ့အတွက် အလေးအနက်ထားပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အလုပ်လျှောက်လွှာပြင်ဆင်တဲ့ အခါမှာ လျှောက်လွှာအတွင်း ထည့်သွင်းဖော်ပြလိုတဲ့ အရာတွေကို အချက်အလက်လေးတွေအလိုက် ရေးသားဖော်ပြခြင်းက အသင့်တော်ဆုံး နဲ့ အကောင်းဆုံးဖြစ်ပါတယ်။ ပေးထားတဲ့ အချက်လေးတွေကို ကြည့်ပြီး ကိုယ့်ရဲ့ အလုပ်လျှောက်လွှာကို အကောင်းဆုံး ပြင်ဆင်ရင်း လိုချင်တဲ့အလုပ် အမြန်ဆုံး ရရှိနိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က