တချို့ရောဂါတွေက သိသာထင်ရှားတဲ့ရောဂါလက္ခဏာမပြတော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ခပ်ပေါ့ပေါ့နေမိရာကနေ အသက်ဆုံးရှုံးသည်အထိဖြစ်သွားနိုင်ပါတယ်။


တချို့ရောဂါတွေက ဘာအရိပ်အယောင်မှမပြဘဲ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတတ်လို့ အသံတိတ်လူသတ်သမားတွေလို့ သတ်မှတ်ခံရပါတယ်။ လက္ခဏာပြရင်လည်း သိသာထင်ရှားခြင်းမရှိတဲ့ လက္ခဏာလေးတွေကိုပဲပြတော့ လူတွေကကုသမှုခံယူဖို့ကို သတိမရကြပါဘူး။ ဒီလိုနဲ့အချိန်တွေကြာလာတော့ ရောဂါကအရမ်းဆိုးရွားလာပြီး အသက်သေဆုံးသည်အထိ ဖြစ်လာတော့တာပေါ့။ အဲဒီလိုမျိုး ကိုယ့်မှာရောဂါရှိလို့ရှိနေမှန်းတောင်မသိဘဲ နေနေတဲ့လူတွေလည်းအများကြီးရှိနိုင်ပါတယ်။ ဒါကြောင့်အဲဒီရောဂါတွေအကြောင်း အသိပညာပေးဖို့ကအရေးကြီးပါတယ်။ ကိုယ့်မှာရောဂါတစ်ခုခုရှိနေတယ်လို့ သံသယဖြစ်တာနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကုသမှုတွေခံယူသင့်ပါတယ်။

သင်စိတ်ဝင်စားမယ့်ဆောင်းပါး (အသံတိတ်လူသတ်သမားများ)

၁။ အရိုးပွရောဂါ (Osteoporosis)

အရိုးပွရောဂါဟာ အရိုးတွေကိုဖြည်းဖြည်းချင်းပွလာစေပြီး နောက်ဆုံးမှာအရိုးအက်တာ၊ အရိုးကျိုးတာတွေဖြစ်စေနိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သူဟာလည်း အစောပိုင်းအဆင့်တွေမှာ ဘာရောဂါလက္ခဏာမှ ဖော်ပြခြင်းမရှိတဲ့ အသံတိတ်လူသတ်သမားရောဂါတစ်မျိုးပါပဲ။ ဒါကြောင့်အရိုးပွရောဂါဖြစ်နေကြောင်းသိဖို့ရာခဲယဉ်းပါတယ်။ ဒါတင်မကသေးပါဘူး။ အရိုးပွရောဂါဟာအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အရိုးပွရောဂါဖြစ်နေပြီလို့သိနိုင်တဲ့အချိန်မှာ အရိုးအက်နေကြောင်းလက္ခဏာပြမယ်။ ကိုယ်အလေးချိန်ကျဆင်းလာမယ်။ ခါးနာမယ်။ သာမန်ချော်လဲတာလောက်နဲ့ အရိုးကျိုးတာတွေဖြစ်မယ်။ အရိုးပွရောဂါဟာ မိန်းကလေးတွေ ဓမ္မတာလာပြီးချိန်မှာဖြစ်ပွားနိုင်ဖို့ အခွင့်အလမ်းရှိပါတယ်။ မိသားစုထဲမှာအရိုးပွရောဂါရှိဖူးတဲ့ရာဇဝင်ရှိတာတို့၊ အစာစားချိန်ပုံမှန်မရှိတာတို့၊ လေ့ကျင့်ခန်းမလုပ်တာတို့၊ ဆေးလိပ်သောက်တာတို့ကြောင့်လည်း အရိုးပွားရောဂါဖြစ်ပွားနိုင်ပါတယ်။ အရိုးပွရောဂါရှိနေပြီလို့ခံစားရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အရိုးတွင်းသိပ်သည်းဆတိုင်းတာကြည့်သင့်ပါတယ်။ အရိုးပွရောဂါမဖြစ်ပွားအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင် ဒီကြွယ်ဝတဲ့အစားအသောက်တွေကို စားသောက်ခြင်း၊ အရက်နဲ့ဆေးလိပ်သောက်သုံးခြင်းကိုရှောင်ရှားခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

၂။ အူမကြီးကင်ဆာ (Colon Cancer)

အူမကြီးကင်ဆာဟာ လူသိများတဲ့အသံတိတ်လူသတ်သမားတစ်ယောက်ပါ။ ဒီရောဂါဟာ အမေရိကန်နိုင်ငံမှာ တတိယမြောက်အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်ပါတယ်။ စစချင်းမှာတော့ အူမကြီးထဲမှာရှိတဲ့ အလုံးတစ်လုံးဟာ ညတွင်းချင်းကြီးထွားလာပါတယ်။ အဲလိုအလုံးလေးကို polyp လို့ခေါ်ပါတယ်။ အစောပိုင်းမှာတော့ polyp တွေက ကင်ဆာဆဲလ်တွေမပါရှိသေးပါဘူး။ ဒါပေမယ့် ကုသမှုမခံယူဘဲ ဒီတိုင်းထားမယ်ဆိုရင် polyp တွေက ကင်ဆာဆဲလ်တွေအမြစ်တွယ်လာနိုင်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေကိုစောစောစီးစီးသာ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် ကင်ဆာရောဂါပျောက်နှုန်းက (၉၀) ရာခိုင်နှုန်းထိ ရှိနိုင်ပါတယ်။ ဒါပေမယ့်စောစောစီးစီးဖယ်ရှားနိုင်ဖို့ဆိုတာ အူမကြီးကို ပုံမှန်ဓာတ်မှန်ရိုက်ပေးဖို့တော့လိုပါတယ်။ အူမကြီးကင်ဆာရောဂါရှိနေနိုင်ကြောင်း သိနိုင်တဲ့လက္ခဏာတစ်ချို့ကတော့ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းထဲမှာသွေးပါခြင်း၊ လေအလည်များခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်း၊ ပျို့အန်ခြင်းနဲ့ မောပန်းလွယ်ခြင်းတို့ ဖြစ်ပါတယ်။

၃။ အရေပြားကင်ဆာ (Nonmelanoma Skin Cancer)

အရေပြားကင်ဆာ (Nonmelanoma Skin Cancer) ရောဂါဟာ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) ထိတွေ့မှုများပြားခြင်းကြောင့် အရေပြားရဲ့အပေါ်ဆုံးအလွှာပေါ်မှာ ကင်ဆာဆဲလ်တွေဖြစ်ပေါ်ခြင်းဖြင့်စတင်ပါတယ်။ မိသားစုထဲမှာရောဂါရှိဖူးခြင်း၊ နေလောင်လွယ်တဲ့အရေပြားရှိခြင်းနဲ့ မှဲ့ခြောက်တွေများပြားခြင်းတို့က အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါတယ်။ အသက် (၄၀) နဲ့အထက်ယောကျ်ားတွေမှာအဖြစ်များပါတယ်။ အရေပြားပေါ်မှာအနီရောင်အဖုလေး (သို့) အနီကွက်လေးဖြစ်ပေါ်လာပြီး (၃) (၄) ပတ်ကြာတဲ့ထိ မပျောက်ဖူးဆိုရင် အရေပြားကင်ဆာ ဖြစ်ပွားတော့မယ့် လက္ခဏာတွေကိုပြတာပါပဲ။ သင့်ရဲ့အရေပြားပေါ်မှာအဲဒီလို အချိန်အတော်ကြာတာတောင် မပျောက်တဲ့အကွက်တွေပေါ်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်လိုက်ပါ။ ကင်ဆာဆဲလ်တွေ ရှိနေခြင်းရှိမရှိကို ဆရာဝန်ကစစ်ဆေးပေးပါလိမ့်မယ်။ အရေပြားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ဖို့အတွက်ခရမ်းလွန်ရောင်ခြည်အောက်မှာ အချိန်အကြာကြီးမနေပါနဲ့။ နေအရမ်းပူလွန်းတဲ့အချိန်တွေဆို နေပူထဲမထွက်ပါနဲ့။ နောက်ပြီး အရေပြားကိုဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်စစ်ဆေးပါ။

 

၄။ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အဆိုအရဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပြီး အမျိုးသမီးတွေကိုအသက်ဆုံးရှုံးစေတဲ့ ကင်ဆာရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပေါ့။ ဒီကင်ဆာရောဂါဟာ သားအိမ်ခေါင်းဆဲလ်တွေထဲမှာဖြစ်ပွားပြီး အစောပိုင်းကာလတွေမှာ ဘာလက္ခဏာမှမပြသပါဘူး။ ဒါပေမယ့်ကုသမှုမခံယူဘူးဆိုရင်တော့ ကင်ဆာဆဲလ်တွေဟာ သရက်ရွက်၊ အသည်း၊ အူနဲ့အဆုတ်တွေထိပျံ့ပွားသွားပါလိမ့်မယ်။ ဆီးထဲသွေးပါလာတာတို့၊ မိန်းမကိုယ်နာကျင်တာတို့က သားအိမ်ခေါင်းကင်ဆာရောဂါရဲ့လက္ခဏာတချို့ပဲဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးတဲ့အမျိုးသမီးတွေ၊ လိင်ဆက်ဆံဖော်တစ်ဦးထက်ပိုတဲ့အမျိုးသမီးတွေ၊ ကလေးအမွေးများတဲ့အမျိုးသမီးတွေ၊ ကိုယ်အလေးချိန်များပြားတဲ့အမျိုးသမီးတွေနဲ့ သဒ္ဓေသားဆေးအသုံးများတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါအဖြစ်များပါတယ်။ ဒါ့အပြင် HIV ရောဂါပိုးရှိတဲ့အမျိုးသမီးတွေမှာလည်း သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။ ရောဂါလက္ခဏာတွေကို တွေ့ရှိတာနဲ့တပြိုင်နက် ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူဖို့အကြံပြုပါရစေ။

 

Source: top10remedies

Share

Loading Next Article...
က္က