ဂူထဲကို အောက်စီဂျင်ဘူးများ ပို့ဆောင်ပေးနေတဲ့ ရေငုပ်သမား ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်ရှိ Tham Luang ဂူအတွင်း ပိတ်မိခဲ့တဲ့ လူငယ်အုပ်စုကို ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ထိုင်ရေတပ် ရေငုပ်သမားဟောင်းတစ်ဦး သေဆုံးသွားကြောင်း လက်ထောက် ခရိုင်အုပ်ချုပ်ရေးမှူး ပက်ဆာခွန်း ဘွန်းယာလက်ခ်က ယနေ့ (ဇူလိုင် ၆ ရက်) ပြောပါတယ်။

ထိုင်းရေတပ်မှ အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းနမ် (Photo: POOM PUI)



ထိုင်းရေတပ်မှ အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းနမ် (Saman Kunam) ဟာ ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) ညပိုင်းမှာ Tham Luang ဂူထဲကို အောက်စီဂျင်ဘူးများ ပို့ဆောင်ခဲ့ပြီးနောက် ဂူထဲကနေ ပြန်ထွက်ရန် ပြင်ဆင်နေစဉ် သေဆုံးခဲ့ကြောင်း သိရပါတယ်။

"ဝမ်နည်းစရာသတင်းပါပဲ၊ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီနေတဲ့ ရေတပ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် သေဆုံးသွားခဲ့ပါတယ်" လို့ လက်ထောက် ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရေငုပ်သမား ဆမန်ခွန်းနမ်၏ အခေါင်းကို သယ်ဆောင်စဉ် (Photo: Reuters)



"သူက ဂူထဲကို အောက်စီဂျင်ဘူးတွေ ပို့ပေးရတာပါ၊ သူ ဂူထဲကနေ ပြန်မထွက်လာနိုင်ခဲ့ပဲ သေဆုံးသွားခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီနေတဲ့ အသက် ၃၈ နှစ်အရွယ် အဆိုပါ ရေငုပ်သမားဟာ အောက်စီဂျင်းဘူးတွေကို နေရာချထားခဲ့ပြီးနောက် အောက်စီဂျင်ပြတ်ကာ သတိမေ့သွားခဲ့ပါတယ်။

၎င်းကို ရှေးဦးသူနာပြုစုနည်းဖြင့် ကုသခဲ့ကြပေမဲ့ သတိပြန်မရတော့ဘဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ထိုင်းရေတပ်မှ ရေငုပ်သမားဟောင်း သေဆုံးသွားမှုဟာ ရေကြီးနေတဲ့ Tham Luang ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ်အုပ်စုကို ရေငုပ်တဲ့နည်းလမ်းဖြင့် ဂူအပြင်ကိုု ပြန်ခေါ်ထုတ်ရန်မှာ အန္တရာယ်များနိုင်ကြောင်း ထင်ရှားစေခဲ့ပါတယ်။

Tham Luang အတွင်း ပြန်ရှာတွေ့ခဲ့သည့် လူငယ်အုပ်စု (Photo: Thai Navy Seal)



အတွေ့အကြုံရှိတဲ့ ရေငုပ်သမားတစ်ဦးပင် ယခုကဲ့သို့ သေဆုံးသွားခဲ့ရာ ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်အုပ်စုကို အဆိုပါ လမ်းကြောင်းအတိုင်း ဂူပေါက်ဝနေရာကို ရေငုပ်ပြီး ပြန်ထွက်လာစေမယ့် နည်လမ်းဟာ အလွန်အန္တရာယ်များကြောင်း သုံးသပ်ကြပါတယ်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူထဲကို ဝင်ရောက်သွားခဲ့ကြပြီးနောက် ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကာ ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ဗြိတိန် ရေငုပ်သမားနှစ်ဦးက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Tham Luang ဂူအတွင်း ပို့ဆောင်ထားသည့် အောက်စီဂျင်ဘူးများ (Photo: AFP)



၎င်းတို့ကို လက်ရှိမှာ ထိုင်းရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြုစုစောင့်ရှောက်နေပြီး ဂူအပြင်ကို ပြန်ခေါ်ထုတ်ရန် နည်းလမ်းများ စီစဉ်နေကြကြောင်း သိရပါတယ်။

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။

ဂူထဲမှာ ပိတ်မိနေခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: CNN)



- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

 

Share

Loading Next Article...
က္က