တူရကီလူမျိုး သြစတြေးလျနိုင်ငံသားများ ဖြစ်ပါတယ်။

သြစတြေးလျရဲတပ်ဖွဲ့က မဲလ်ဘုန်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေတဲ့ အမျိုးသားသုံးဦးကို ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ၎င်းတို့သုံးဦးဟာ လူစည်ကားရာ မဲလ်ဘုန်းမြို့နေရာတစ်ခုမှာ ဆီးမီးအော်တိုမတ်တစ်ရိုင်ဖယ် သေနတ်တစ်လက်ဖြင့် လူအများအပြားကို ပစ်သတ်ရန်ကြံစည်နေခဲ့ကြောင်း သြစတြေးလျ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။



မဲလ်ဘုန်းမြို့မှာ ရဲတပ်ဖွဲ့က စီးနင်းခဲ့သည့် နေရာတစ်ခု



သေနတ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သံသယရှိသူသုံးဦးဟာ အသက် ၂၁ နှစ်အရွယ် Hanifi Halis၊ အသက် ၂၆ နှစ်ရှိ Samed Eriklioglu နဲ့ အသက် ၃၀ နှစ်အရွယ်  Ertunc Eriklioglu တို့ ဖြစ်ကြပြီး ၎င်းတို့က  အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အားကျအတုယူခဲ့ကြတယ်လို့ ဆိုပါတယ်။

ယခု ဖမ်းဆီးမှုပြီးနောက် အများပြည်သူအတွက် ခြိမ်းခြောက်မှုမရှိတော့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဂရေဟမ်အက်ရှ်တန်က ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ အမျိုးသားသုံးဦးက ၎င်းတို့  အကြမ်းဖက်တိုက်ခိုက်မယ့်နေရာကို မသတ်မှတ်ရသေးပေမဲ့ အစီအစဉ်ကို လတ်တလော ရက်ပိုင်းအတွင်း အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်း အက်ရှ်တန်ကဆိုပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အသက် ၂၁ နှစ်အရွယ် Hanifi Halis



"သူတို့က လူအများကြီး စုဝေးကြတဲ့ နေရာတစ်ခုကို သေချာပေါက်ရှာနေကြတယ်၊ ဘာကြောင့်လဲဆိုတော့ လူများနိုင်သလောက် အများကြီးကို သတ်နိုင်မယ့်နေရာတစ်ခုကို သူတို့က ပစ်မှတ်ထားဖို့ ကြိုးစားနေကြတယ်" လို့ ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်တွေကို ယနေ့ (နိုဝင်ဘာ ၂၀ ရက်) ပြောပါတယ်။

ယခု ဖမ်းဆီးလိုက်တဲ့ အမျိုးသားသုံးဦးဟာ တူရကီလူမျိုး သြစတြေးလျနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက်နှစ်ဦးဟာ ညီအစ်ကိုတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၎င်းတို့ကို မဲလ်ဘုန်းမြို့ အနောက်မြောက်ပိုင်းမှာ ယနေ့ ပြုလုပ်ခဲ့တဲ့ စီးနင်းမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၆ နှစ်ရှိ Samed Eriklioglu



အဆိုပါ အမျိုးသားသုံးဦးဟာ နိုင်ငံရပ်ခြား အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်နိုင်တာကြောင့် ၎င်းတို့ရဲ့ ပတ်စ်ပို့တွေကို လတ်တလောအတွင်း ပယ်ဖျက်ထားခဲ့ပြီး ယမန်နှစ်ကတည်းက အာဏာပိုင်တွေရဲ့ စောင့်ကြည့်စာရင်းမှာ ပါဝင်နေခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ အက်ရှ်တန်က ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ အမျိုးသားသုံးဦးဟာ ဆီမီးအော်တိုမတ်တစ် ပွိုင့် ၂၂ ရိုင်ဖယ် သေနတ်တစ်လက်ကို ဝယ်ယူရန်လုပ်ဆောင်နေခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ၎င်းတို့ကို ယနေ့ နှောင်းပိုင်းမှာ အကြမ်းဖက်ဆက်နွယ်တဲ့ ပြစ်မှုများဖြင့် စွဲချက်တင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

မဲလ်ဘုန်းမြို့ရှိ လူစည်းကားလေ့ရှိသည့် နေရာတစ်ခု



သြစတြေးလျမှာ သေနတ်ဥပဒေကို တင်းကျပ်စွာ သတ်မှတ်ပြဌာန်းထားပြီး အော်တိုမတ်တစ်နဲ့ ဆီမီးအော်တိုမတ်တစ် အမျိုးအစား သေနတ်ပိုင်ဆိုင်မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ သေနတ်ပိုင်ရှင်တွေဟာလည်း မှတ်ပုံတင်ရန်လိုအပ်ပါတယ်။ သြစတြေးလျမှာ ၂၀၁၄ ခုနှစ်မှစပြီး အကြမ်းဖက်သတိပေးမှုကိုလည်း 'ဖြစ်ပွားနိုင်သော' အဆင့်သို့ တိုးမြှင့်ထုတ်ပြန်ထားခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်းက မဲလ်ဘုန်းမြို့လယ်မှာ ဖြစ်ပွားခဲ့သည့် ဓားဖြင့်တိုက်ခိုက်မှု



ရဲတပ်ဖွဲ့က  လူဦးရေ ၉၀ ကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများအရ စွဲချက်တင်ခဲ့ပါတယ်။ သြစတြေးလျမှာ အကြမ်းဖက်တိုက်ခိုက်ရန် သံသယဖြစ်ဖွယ် အကြံအစည် ၁၅ ခုကိုလည်း ဖော်ထုတ်ဟန့်တားနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မဲလ်ဘုန်းမြို့မှာ  ယခုလအစောပိုင်းကလည်း ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခဲ့ကြောင်းလည်း သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က