ဗင်နီဇွဲလားမှာ အကြမ်းဖက် ဆူပူအုံကြွမှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မတ်ဒူရိုက အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို စီစဉ်ကြိုးပမ်းခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုတစ်ခုကို ဖြိုခွင်းလိုက်ကြောင်း ယနေ့ (မေ ၁ ရက်) ပြောကြားလိုက်ပါတယ်။

(ဗင်နီဇွဲလား ဆူပူအုံကြွမှုမြင်ကွင်းတစ်ခု) (Photo: BBC)

ယမန်နေ့ (ဧပြီ ၃၀ ရက်) က ကာရာကက်စ်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုများအတွင်း စစ်သားများက အတိုက်အခံတွေနဲ့အတူ ရပ်တည်ခဲ့ကြပြီး ထိုဖြစ်ရပ်များအတွင်း လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။



သို့သော် သမ္မတမတ်ဒူရိုက ရုပ်မြင်သံကြားကနေ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ရာမှာ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုအနေနဲ့ စစ်တပ်ကို ၎င်းဘက်ပါအောင် စည်းရုံးခဲ့မှု မအောင်မြင်ခဲ့ဘူးလို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။ ဂျူအန်ဂွိုင်ဒိုကတော့ သမ္မတမတ်ဒူရိုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ကြောင်းနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

(ရုပ်သံမိန့်ခွန်းပြောကြားမှုမှာ တွေ့ရသည့် သမ္မတမတ်ဒူရို) (Photo: HO/AFP/Getty Images)

ဂျူအန်ဂွိုင်ဒိုက သမ္မတမတ်ဒူရိုရဲ့ အစိုးရကို ဖြုတ်ချဖယ်ရှားမယ့် ၎င်းရဲ့ အားထုတ်ကြိုးပမ်းမှု နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီလို့ ကြေညာလိုက်ပြီး စစ်တပ်ရဲ့ထောက်ခံမှု ရရှိထားကြောင်း ဆိုရှယ်မီဒီယာ ဗီဒီယိုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုကို ဂျူအန်ဂွိုင်ဒိုရဲ့ Twitter မှာ လွှင့်တင်ခဲ့တာဖြစ်ပြီး နောက်ထပ် အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ လီယိုပိုလ်ဒို လိုပက်ဇ်ကိုလည်း ၎င်းရဲ့ဘေးမှာတွေ့ခဲ့ရပါတယ်။ ဗီဒီယိုထဲမှာ ဂျူအန်ဂွိုင်ဒိုက သမ္မတမတ်ဒူရို မတရားသိမ်းယူစွဲကိုင်ထားတဲ့ အာဏာကို အဆုံးသတ်ရန်အတွက် စစ်တပ်အနေနဲ့ ၎င်းကို ကူညီကြရန် တိုက်တွန်းထားပါတယ်။

(စစ်သားတစ်ဦးနှင့် စကားပြောနေသည့် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို) (Photo: Reuters)

ဂျူအန်ဂွိုင်ဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် အမေရိကန်၊ ဗြိတိန်နဲ့ လက်တင်အမေရိက နိုင်ငံအများစု အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားကြောင်းလည်း သိရပါတယ်။ သို့သော် ရုရှား တရုတ်နဲ့ ဗင်နီဇွဲလားစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရရှိထားတဲ့ သမ္မတမတ်ဒူရိုက ၎င်းရဲ့အတိုက်အခံ ပြိုင်ဘက်ဖြစ်သူထံ အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ထားပါတယ်။

ယနေ့ ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားခဲ့ရာမှာ သမ္မတမတ်ဒူရိုရဲ့ဘေးမှာ စစ်ဘက်အရာရှိကြီးတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မတ်ဒူရိုက ဆန္ဒပြသူတွေဟာ ကြီးလေးတဲ့ပြစ်မှုကျူးလွန်းကြောင်း စွပ်စွဲခဲ့ပြီး ပြစ်ဒဏ်ကျခံရမယ်လို့ ၎င်းရဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

(ကာရာကက်စ်မြို့တော်မှာ ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုမြင်ကွင်း) (Photo: Reuters)

လက်ရှိမှာ သမ္မတမတ်ဒူရိုနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုတို့ နှစ်ဦးလုံးက ၎င်းတို့ကို အားပေးထာက်ခံသူများအား လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြကြရန် လှုံ့ဆော်တိုက်တွန်းမှုတွေရှိနေရာ ယခင်ကတည်းက စီးပွားရေးပျက်ယွင်းနေတဲ့ ဗင်နီဇွဲလားမှာ အကြမ်းဖက် ဆူပူအုံကြွမှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဗင်နီဇွဲလား လက်ရှိအြခေအနေကို နိုင်ငံတာအသိုင်းအဝိုင်းကလည်း အနီးကပ် စောင့်ကြည့်နေကြကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က