ဂျိုကိုဝီနဲ့ ဆူဘီယန်တိုတို့ နှစ်ဦးလုံးက အနိုင်ရကြောင်း ကြေညာပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဧပြီ ၁၇ ရက် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြောင်း ယနေ့ (ဧပြီ ၁၈ ရက်) ကြေညာလိုက်ပြီဖြစ်ပါတယ်။ သို့သော် ၎င်းရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုကလည်း ၎င်းအနိုင်ရရှိခဲ့ကြောင်း ပြောထားခဲ့ပြီး ရွေကောက်ပွဲမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်လို့ မကျေမနပ် ပြောဆိုမှုတွေရှိနေပါတယ်။

(အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို) (Photo: Reuters)

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရားဝင်ရလဒ်မဟုတ်ဘဲ မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်းတွေက နိုင်ငံတစ်ဝှမ်း မဲရုံတွေမှ မဲနမူနာတွေကို အခြေခံတွက်ချက်မှုအရ သမ္မတဂျိုကိုဝီက မဲအရေအတွက် ၅၅ ရာခိုင်နှုန်းခန့် ရရှိခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုထက် ၁၀ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း သိရပါတယ်။



နာမည်ဂုဏ်သတင်းကောင်းရှိတဲ့ မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့ကြတဲ့ 'အမြန်ရေတွက်မှုများ' (quick counts) ဖြင့် ထွက်ပေါ်လာတဲ့ မဲရလဒ်တွေဟာ ယခင် ရွေးကောက်ပွဲတွေမှာ မှန်ကန်ခဲ့တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်ကတော့ မဲရလဒ်တွေကို မေလ ၂၂ ရက်အထိ ထုတ်ပြန်ကြေညာသွားမှာ မဟုတ်ကြောင်းသိရပါတယ်။

(သမ္မတဂျိုကိုဝီကို ထောက်ခံသူများ) (Photo: AFP)

ရွေးကောက်ပွဲအနိုင်ရမှုအတွက် မလေးရှားဝန်ကြီးချုပ် မဟာသီယာနဲ့ တူရကီသမ္မတ အာဒိုဂန် အပါအဝင် နိုင်ငံ ၂၂ နိုင်ငံမှ ခေါင်းဆောင်တွေက ၎င်းကို ဖုန်းဖြင့်ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက ပြောပါတယ်။ ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုကို တွေ့ဆုံရန်အတွက် ဖိတ်ကြားထားတယ်လို့လည်း ဂျိုကိုဝီကဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း ကြေညာခဲ့ပေမဲ့ ၎င်းကို အားပေးထောက်ခံသူတွေ အနေနဲ့ အနိုင်ရရှိမှုကို အတည်ပြုနိုင်ရန် တရားဝင် မဲရလဒ်များ ထုတ်ပြန်မှုကို စောင့်ဆိုင်းကြရန် သမ္မတဂျိုကိုဝီက တိုက်တွန်းခဲ့ပါတယ်။

(မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်း လုပ်ငန်းဆောင်ရွက်မှု) (Photo: @AmirYusofCNA/Twitter)

"ကျွန်တော်တို့ တရားဝင် ရလဒ်ကိုစောင့်ဆိုင်းရမှာပါ၊ ဒါပေမဲ မဲဆန္ဒရှင်စစ်တမ်းကောက်တဲ့ အဖွဲ့အစည်း ၁၂ ခုကတော့ မဲရလဒ်တွေကို ပေးခဲ့ပြီးဖြစ်ပါတယ်၊ ဒီ အဖွဲ့အစည်းတွေထံမှ ရရှိခဲ့တဲ့ မဲရလဒ်တွေအရ ဂျုကိုဝီက မဲအရေအတွက် ၅၄.၅ ရာခိုင်နှုန်းနဲ့ ဆူဘီယန်တိုက ၄၅.၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရှိရပါတယ်" လို့ ဂျိုကိုဝီက တောင်ပိုင်းဂျကာတာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

သမ္မတဂျိုကိုဝီက ရွေးကောက်ပွဲအနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာတော့ ပြိုင်ဘက်ဖြစ်တဲ့ ဆူဘီယန်တိုကလည်း သီးခြား သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး မဲအရေအတွက် ၆၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ကြောင်းနဲ့ ၎င်းရဲ့အဖွဲ့က ဧပြီ ၁၇ ရက် ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ကြောင်း သက်သေအထောက်အထားတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။

(ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို) (Photo: AFP)

"ကျွန်တော်တို့ အနိုင်ရတယ်လို့ ကြေညာပါတယ်၊ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း ကျေးရွာ၊ ခရိုင်လက်အောက်ခံနယ်မြေနဲ့ ခရိုင်တွေမှာ ရွေးကောက်ပွဲ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့ သက်သေအထောက်အထား ရထားပါတယ်" လို့ ဆူဘီယန်တိုက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

သမ္မတဂျိုကိုဝီ ရွေးကောက်ပွဲအနိုင်ရမှုအပေါ် ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုက ပယ်ချခဲ့ခြင်းကို အကြီးအကျယ် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ယနေ့ သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဂျိုကိုဝီကို ကျဉ်းမြောင်းတဲ့ မဲရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

(မဲပုံးတွေကို ဆင်များဖြင့် သယ်ဆောင်လာစဉ်) (Photo: AFP/Getty Images)

ဧပြီ ၁၇ ရက် အင်ဒိုနီးရှားရွေးကောက်ပွဲမှာ သမ္မတရာထူးမှ လွှတ်တော်အမတ်အထိဖြစ်တဲ့ နေရာတွေအတွက် စံချိန်တင် ကိုယ်စားလှယ်လောင်း အရေအတွက် ၂၄၅,၀၀၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲပေးမှုအတွက် မဲရုံ ၈၀၀,၀၀၀ ခန့်ကို နိုင်ငံတစ်ဝှမ်း စီစဉ်ဖွင့်လှစ်ပေးထားခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၉၃ သန်းနီးပါးရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်း - အင်ဒိုနီးရှားရွေးကောက်ပွဲ အစောပိုင်း မဲရေတွက်မှုတွေအရ သမ္မတဂျိုကိုဝီ အသာရနေ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က