တရားဝင်ရလဒ်တွေကိုတော့ လာမယ့် မေလအထိ ထုတ်ပြန်ကြေညာနိုင်ဖွယ် မရှိသေးပါဘူး။

အင်ဒိုနီးရှားရွေးကောက်ပွဲ မဲရုံများပိတ်အပြီး နာရီပိုင်းအကြာမှာ မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြမှုအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက အသာရနေပြီး ဒုတိယအကြိမ် သမ္မတသက်တမ်းအဖြစ် ထပ်မံ ရွေးကောက်ခံရနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။

(သမ္မတဂျိုကိုဝီ မဲပေးခဲ့စဉ်) (Photo: @JackBoardCNA/Twitter)

ကျွန်းပေါင်း ၁၇,၀၀၀ ထက်မနည်းရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဝီလို့ လူသိများကြတဲ့ လက်ရှိသမ္မတနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုတို့က သမ္မတရာထူးအတွက် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကြပါတယ်။



ရွေးကောက်ပွဲ တရားဝင်ရလဒ်တွေကိုတော့ လာမယ့် မေလအထိ ထုတ်ပြန်ကြေညာနိုင်ဖွယ် မရှိသေးဘဲ မဲဆန္ဒရှင်စစ်တမ်းကောက်ခံတဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့ကြတဲ့ 'အမြန်ရေတွက်မှုများ' (quick counts) ခေါ် တွက်ချက်မှုတွေအရ ဂျုကိုဝီက မဲအရေအတွက် ပြတ်သားစွာဖြင့် အသာရနေတယ်လို့ဆိုပါတယ်။

(CSIS ဝန်ထမ်းများ အမြန်ရေတွက်မှုလုပ်ငန်း လုပ်ဆောင်နေမှု) (Photo: @AmirYusofCNA/Twitter)

Center for Strategic and International Studies (CSIS) အဖွဲ့က ထုတ်ပြန်မှုအရ သမ္မတဂျိုကိုဝီက မဲအရေအတွက် ၅၆.၇ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက် ဆူဘီယန်တိုကတော့ ၄၃.၃ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့ အခုအချိန်ထိတော့ ဘာကိုမှ အခိုင်အမာ ပြောနေတာ မဟုတ်သေးပါဘူး၊ ကိန်းဂဏန်းအချက်အလက်တွေက ၉၀ ရာခိုင်နှုန်းရောက်ရင်တော့ ငြိမ်သွားနိုင်ဖွယ်ရှိပါတယ်၊ ကျွန်တော်တို့ ဝန်ထမ်းတွေ ကိန်းဂဏန်းအချက်အလက်တွေကို တရားဝင်ဖြစ်အောင် စိစစ်လုပ်ဆောင်နေကြပါတယ်" လို့ CSIS မှ အမှုဆောင်ညွှန်ကြားရေးမှူး Philips Vermonte က Reuters သတင်းဌာနကို ပြောပါတယ်။

(CSIS အဖွဲ့အစည်းရဲ့ မဲရလဒ် အမြန်ရေတွက်မှု) (Photo: @AmirYusofCNA/Twitter)

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲဆန္ဒရှင်စစ်တမ်း ကောက်ခံခဲ့ကြတဲ့ Saiful Mujani Research Centre, Indo Barometer နဲ့ Indikator Politik Indonesia အပါအဝင် အခြား အဖွဲ့အစည်းအတွေကလည်း သမ္မတဂျိုကိုဝီက မဲအရေအတွက် သိသာစွာဖြင့် အသာရနေကြောင်း ပြောခဲ့ကြပါတယ်။ Saiful Mujani Research Centre ရဲ့ အချက်အလက်တွေအရ ဂျိုကိုဝီက မဲအရေအတွက် ၅၄.၉၂ ရာခိုင်နှုန်းနဲ့ ဆူဘီယန်တိုက ၄၅.၀၈ ရာခိုင်နှုန်း ရရှိထားတယ်လို့ သိရပါတယ်။

(ရွေးကောက်ပွဲဝင် အင်ဒိုနီးရှား သမ္မတလောင်းနှစ်ဦး)

Indo Barometer ကတော့ ဂျိုကိုဝီက ၅၃.၅၅ ရာခိုင်နှုန်းနဲ့ ဆူဘီယန်တိုက ၄၆.၄၅ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ပြောပါတယ်။ ထို့အတူ Indikator Politik Indonesia ကလည်း သမ္မတဂျိုကိုဝီက မဲအရေအတွက် ၅၄.၆၈ ရာခိုင်နှုန်းနဲ့ ဆူဘီယန်တိုက ၄၅.၆၂ ရာခိုင်နှုန်း ရရှိထားပြီး ဂျိုကိုဝီ အသာရနေကြောင်း ဖော်ပြခဲ့ပါတယ်။

ယခုရလဒ်တွေ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စစ်တမ်းကောက်ယူမှု အဖွဲ့အစည်းတွေဟာ အင်ဒိုနီးရှားရွေးကောက်ပွဲ ကော်မရှင်က တရားဝင်မဟုတ်သေးတဲ့ 'အမြန်ရေတွက်မှုများ' လုပ်ဆောင်ရန်အတွက် တရားဝင် အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်း ၄၀ ကျော်မှာ ပါဝင်ပါတယ်။ ထိုအဖွဲ့အစည်းတွေက နိုင်ငံတစ်ဝှမ်းရှိ မဲရုံများမှ စစ်တမ်းကောက်ခံမှုတွေကို အခြေခံပြီး မဲရလဒ်များ တွက်ချက်ကြတာဖြစ်ပါတယ်။

(အင်ဒိုနီးရှားရွေးကောက်ပွဲ မဲပုံးများကိုတွေ့ရစဉ်) (Photo: @PichayadaCNA/Twitter)

နာမည်ကောင်းရထားတဲ့ အဖွဲ့အစည်းတွေက ယခင် ရွေးကောက်ပွဲတွေမှာ ထိုသို့တွက်ချက်ခဲ့တဲ့ မဲရလဒ်တွေဟာ မှန်ကန်ခဲ့ကြောင်းလည်း သိရပါတယ်။ သမ္မတဂျိုကိုဝီကတော့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ် ထုတ်ပြန်တဲ့အချိန်အထိ စောင့်ဆိုင်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ မဲဆန္ဒရှင်စစ်တမ်းနဲ့ အမြန်ရေတွက်မှုတွေကို သိထားကြပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ရှည်ရှည်ထားပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် မဲရေတွက်မှုကို စောင့်ဆိုင်းဖို့လိုအပ်ပါတယ်" လို့ ဂျိုကိုဝီက သတင်းထောက်တွေကို ပြောသွားပါတယ်။

(ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တို) (Photo: @PichayadaCNA/Twitter)

ဂျိုကိုဝီရဲ့ ပြိုင်ဘက်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဆူဘီယန်တိုရဲ့ ပြောကြားမှုတော့ မဲဆန္ဒရှင်စစ်တမ်းကောက်ယူတဲ့ အဖွဲ့အစည်းတွေနဲ့ ကွဲလွဲနေခဲ့ပါတယ်။ ဆူဘီယန်တိုက ၎င်းကိုယ်ပိုင်အဖွဲ့ရဲ့ အမြန်ရေတွက်မှုအရ ၎င်းအနေနဲ့ မဲအရေအတွက် ၅၂.၂ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့က ပြောထားပါတယ်။

ယနေ့ ကျင်းပပြုလုပ်တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ သမ္မတရာထူးမှ လွှတ်တော်အမတ်အထိဖြစ်တဲ့ နေရာတွေအတွက် စံချိန်တင် ကိုယ်စားလှယ်လောင်း အရေအတွက် ၂၄၅,၀၀၀ က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲပေးမှုအတွက် မဲရုံ ၈၀၀,၀၀၀ ခန့်ကို နိုင်ငံတစ်ဝှမ်း စီစဉ်ဖွင့်လှစ်ပေးထားခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၉၃ သန်းနီးပါးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က