Ko John

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားနဲ့ ဂျားဗားကျွန်းတို့မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် လူလေးဦးသေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်လှုပ်ပြီးနောက် အမြင့် ၁၀ ပေနီးပါးရှိ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်ဟာ အင်ဒိုနီးနားမြို့တော် ဂျကာတာမြို့ အနောက်တောင်ဘက် Labuan မြို့ ကမ်းလွန် ၉၃ မိုင်ခန့်အကွာ ပင်လယ်ကြမ်းပြင် မြေအောက်အနက် ၂၆ မိုင်မှာ ယနေ့ (သြဂုတ် ၂ ရက်) ည ဒေသစံတော်ချိန် ၇ နာရီ ၃ မိနစ်က လှုပ်ခတ်သွားခဲ့ကြောင်း United States Geologial Survey (USGS) ဝက်ဘ်ဆိုက် ဖော်ပြပါတယ်။

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၇.၄ ဖြစ်ကြောင်းနဲ့ မြေအောက်အနက် ၆.၂ မိုင်မှာ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက် ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ Banten, West Java, Lampung နဲ့ Bengkulu တို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာန BNPB က Banten ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေအနေနဲ့ ကုန်းမြင့်နေရာသို့ ချက်ချင်းရွှေ့ပြောင်းသင့်ကြောင်း Twitter မှာ ပြောထားပါတယ်။ ငလျင်လှုပ်ခဲ့ရာဒေသမှာ လူသုံးဦး လုံးရောဂါကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ငလျင်လှုပ်နေစဉ် ၎င်းရဲ့နေအိမ်မှ ထွက်ပြေးရန်ကြိုးပမ်းစဉ် ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ငလျင်လှုပ်မှုအတွင်း အခြား လူလေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံ ၂၀၀ ကျော်မှာ အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၃ လုံး ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။ ငလျင်လှုပ်မှုကို အင်ဒိုနီးရှားမြို့တော် ဂျကာတာမှာလည်း ခံစားသိရှိခဲ့ရပါတယ်။ ငလျင်လှုပ်မှုကြောင့် အဆောက်အအုံများ လှုပ်ရမ်းမှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ လမ်းမပေါ်သို့ ထွက်ပြေးခဲ့ကြပါတယ်။

"၁၉ ထပ်မှာရှိတဲ့ ကျွန်မ တိုက်ခန်းထဲက မီးပန်းဆိုင်းတွေ လှုပ်ရမ်းနေခဲ့တယ်၊ ကျွန်မလည်း တိုက်အောက်ကို ဆင်းပြေးခဲ့တာပဲ၊ လူတိုင်းလည်း ကျွန်မလိုပဲ ထွက်ပြေးခဲ့ကြတယ်၊ ငလျင်က တော်တော်ကြီးပြင်းတယ်၊ ကျွန်မ အရမ်းကြောက်ခဲ့တယ်" လို့ အသက် ၅၀ အရွယ် Elisa က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြရာ ပစိဖိတ်မီးကွင်း (Pacific "Ring of Fire") ဒေသမှာ တည်ရှိနေပါတယ်။ ယမန်နှစ်အတွင်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်ချ်စတာစကေး ၇.၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၂၀၀ ကျော် သေဆုံးခဲ့ကာ အခြား လူဦးရေထောင်နဲ့ချီ ပျောက်ဆုံးကြောင်း ကြေညာခဲ့ပါတယ်။

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ရာ အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာ လူပေါင်း ၁၇၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က