ထောက်လှမ်ရေးအရာရှိတွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဒေါ်လာတစ်သန်း ဆုငွေထုတ်ခံထားရတဲ့ အယ်လ်ကေဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့သား ဟမ်ဇားဘင်လာဒင်ဟာ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း ထောက်လှမ်ရေးအရာရှိတွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၁ ရက်) မှာ ဖော်ပြပါတယ်။

(ဟမ်ဇားဘင်လာဒင်) (Photo: AP/CIA)

ဟမ်းဇာဘင်လာဒင်က ၂၀၁၁ ခုနှစ်မှာ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဖခင်ဖြစ်သူ အိုစမာဘင်လာဒင်အတွက် လက်စားချေတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားခဲ့ပါတယ်။ ဟမ်ဇားဘင်လာဒင်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းပေးမယ်လို့ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း အမေရိကန်အစိုးရ ကြေညာထားခဲ့ပါတယ်။



ယခုအခါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟမ်းဇာဘင်လာဒင် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်သတင်းတွေက ဖော်ပြခဲ့ကြပေမဲ့ အချိန်နဲ့နေရာ အတိအကျကိုတော့ မပြောထားပါဘူး။ ဟမ်းဇာဘင်လာဒင် သတင်းနဲ့ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကလည်း မှတ်ချက်မပေးခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။

(ဟမ်ဇားဘင်လာဒင်ကို အပေါင်းအပါနှစ်ဦးနှင့်အတူ တွေ့ရစဉ်) (Photo: Al-Qaeda video via CIA)

ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ ဟမ်ဇားဘင်လာဒင်ဟာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး အမေရိကန်နဲ့ အခြား နိုင်ငံတွေကို တိုက်ခိုက်ရန်လှုံ့ဆော်ထားတဲ့ အသံဖိုင်နဲ့ ဗီဒီယိုတွေ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ ဟမ်ဇားဘင်လာဒင် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သတင်းတွေကို NBC News, New York Times နဲ့ CNN အပါအဝင် အမေရိကန်သတင်းဌာန အများအပြားက ဖော်ပြထားကြပါတယ်။

သတင်းဌာနတွေက အမည်မဖော်တဲ့ အမေရိကန် ထောက်လှမ်ရေးအရာရှိတွေကို ကိုးကားပြီး ထိုသို့ဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟမ်ဇားဘင်လာဒင် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်က ယုံကြည်ကြောင်း တာဝန်ရှိသူတစ်ဦးက CNN ကို ပြောခဲ့ပါတယ်။ New York Times သတင်းမှာ ဖော်ပြမှုအရ ဟမ်ဇားဘင်လာဒင်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုမှာက သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

(ဟမ်ဇားဘင်လာဒင်ကို အလိုရှိကြောင် FBI ဝက်ဘ်ဆိုက်မှာ ကြေညာထားမှု) (Photo: FBI)

NBC News က ဖော်ပြထားရာမှာလည်း ဟမ်ဇားဘင်လာဒင်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သေဆုံးခဲ့တာဖြစ်ပေမဲ့ လတ်တလောမှသာ အတည်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဟမ်ဇားဘင်လာဒင် မည်သို့သေဆုံးခဲ့ကြောင်း သို့မဟုတ် စစ်ဆင်ရေးမှာ အမေရိကန်ပါဝင်ခဲ့ခြင်းရှိ မရှိ မပြောခဲ့ဘူးလို့လည်း NBC News က ဆိုပါတယ်။

ဟမ်းဇာဘင်လာဒင် သေဆုံးကြောင်းသတင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဇူလိုင် ၃၁ ရက်မှာ မေးမြန်းခဲ့ပေမဲ့ မှတ်ချက်ပေးပြောကြားရန် ငြင်းဆန်ခဲ့တယ်လို့ BBC က ဖော်ပြပါတယ်။ ဟမ်းဇာဘင်လာဒင်ရဲ့ သတင်းနဲ့ပတ်သက်ပြီး အယ်လ်ကေဒါ အကြမ်းဖက်အုပ်စုကလည်း အတည်ပြု ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

(အိုစမာဘင်လာဒင်နှင့်အတူ တွေ့ရသည် ဟမ်ဇားဘင်လာဒင်) (Photo: Independent)

အယ်လ်ကေဒါကို ထောက်ခံကြတဲ့ စစ်သွေးကြွအုပ်စုတွေကတော့ ယခုသတင်းအပေါ် သတိထားကြရန်နဲ့ ခေါင်းဆောင်များထံမှ တရားဝင် ထုတ်ပြန်ကြေညာချက်ကို စောင့်ဆိုင်းကြရန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဂျီဟတ်အိမ်ရှေ့မင်းသားလို့လည်း ခေါ်ဝေါ်ကြတဲ့ ဟမ်ဇားဘင်လာဒင်ရဲ့ တည်နေရာကို သိရှိနိုင်ရန် နှစ်နဲ့ချီ ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ၎င်းဟာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်မှာ ရှိနေကြောင်း၊ သို့မဟုတ် အီရန်မှာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဟမ်ဇားဘင်လာဒင်ဟာ ၎င်းရဲ့ဖခင်ကို ဆက်ခံသူအဖြစ် အယ်လ်ကေဒါအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်လို့လည်း ယုံကြည်ရပါတယ်။ အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက်ပိုင်း ၎င်းရဲ့ သက်ရှိထင်ရှား ကျန်ရှိတဲ့ဇနီးသုံးဦးနဲ့ ကလေးတွေကို ဆော်ဒီသို့ တိတ်တဆိတ် ပြန်ခွင့်ပြုခဲ့ပါတယ်။ သို့သော် ဟမ်ဇားဘင်လာဒင်ကိုတော့ မည်သည့်နေရာ ရောက်ရှိနေကြောင်းကတော့ အတိအကျ မသိနိုင်ဘဲ အငြင်းပွားစရာ ဖြစ်နေခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ 

(၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု မြင်ကွင်းတစ်ခု) (Photo: Getty Images)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အိုစမာဘင်လာဒင် ဦးဆောင်တဲ့ အယ်လ်ကေဒါအဖွဲ့မှ အကြမ်းဖက်သမားတွေက ခရီးသည်တင်လေယာဉ် ၄ စီးကို ပြန်ပေးဆွဲကာ နယူးယော့ခ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အအုံနှစ်ခု အပါအဝင် အမေရိကန်နိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ၉/၁၁ တိုက်ခိုက်မှုလို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်မှာ ပြည်တွင်းစစ်မှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က