ဒေတန်မြို့လယ်ရှိ ဘားဆိုင်နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ် ဒေတန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအနက် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ သေနတ်သမားရဲ့ ညီမဖြစ်သူလည်း ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ) (Photo: AP)

တနင်္ဂနွေနေ့ (သြဂုတ် ၄ ရက်) ဒေသစံတော်ချိန် မနက် ၁ နာရီ ၇ မိနစ်အချိန်က ဒေတန်မြို့လယ်ရှိ Ned Peppers ဘားဆိုင်နေရာမှာ သေနတ်သမား ကွန်နာဘတ်စ် (Connor Betts) က ချေမှုန်းရေးရိုင်ဖယ် သေနတ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူကိုးဦး သေဆုံးခဲ့ပြီး အခြား ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။



ဒတေန်မြို့ ပစ်ခတ်မှုအတွင်း သေနတ်သမား ကွန်နာဘတ်စ်ရဲ့ ညီမဖြစ်သူ အသက် ၂၂ နှစ်အရွယ် မီဂန်ဘတ်စ် (Megan Betts) လည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူတွေအရဲ့ အမည်ကိုထုတ်ပြန်စဉ် အတည်ပြုခဲ့ပါတယ်။

(မီဂန်ဘတ်စ်နဲ့ သေနတ်သမား ကွန်နာဘတ်စ်တို့ မောင်နှမ) (Photo: Facebook)

ပစ်သတ်ခံထားရတဲ့ မီဂန်ဘတ်စ်နဲ့ ချစ်သူအမျိုးသားရဲ့ အလောင်းတွေကို ပစ်ခတ်မှုဖြစ်အပြီး နာရီပိုင်းမျှအကြာမှာ ဘားဆိုင်အနီးရှိ ကားတစ်စီးအတွင်း တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အခြား သတင်းအချက်အလက်ကိုတော့ ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။ ဒေတန်မြို့လယ်မှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ကွန်နာဘတ်စ်ဟာ အိုဟိုင်းယိုပြည်နယ် ဘဲလ်ဘရွတ်မြို့မှဖြစ်ပြီး ၎င်းကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ကွန်နာဘတ်စ်က ကျည်ကာအင်္ကျီဝတ်ထားပြီး .223-carlibre အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့သေနတ်ဟာ ကျည်ဆံအရေအတွက် ပိုမိုဝင်ဆံ့တဲ့ ကျည်ကပ်များနဲ့ဖြစ်ပြီး နောက်ထပ် ကျည်ကပ်အပိုတွေလည်း ယူဆောင်လာခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(သေနတ်သမား ကွန်နာဘတ်စ်) (Photo: CBS News)

ဒေတန်မြို့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၂၂ နှစ်မှ ၃၉ နှစ်ကြား ဖြစ်ကြပါတယ်။ အိုင်ဟိုင်းယိုပြည်နယ် ဒေတန်မြို့ပစ်ခတ်မှုဟာ အစောပိုင်းက တက္ကဆက်ပြည်နယ်ရှိ Walmart စတိုးဆိုင်မှာ လူ ၂၀ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားအပြီး ၂၄ နာရီမပြည့်မီ ထပ်မံ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ပစ်ခတ်မှုနှစ်ခုကြောင့် စုစုပေါင်း လူ ၂၉ ဦး သေဆုံးခဲ့ပြီး ၅၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဒေတန်မြို့လယ်နေရာ) (Photo: EPA)

အမေရိကန်မှာ ဇူလိုင် ၂၈ ရက်နေ့ကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ Gilroy Garlic Festival အစားအစာပွဲတော်မှာ အသက် ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ခြောက်နှစ်သား ကလေးငယ်နဲ့ သေနတ်သမား အပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တဲ့ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။ ကနဦးမှာတော့ သေနတ်သမားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က