လောင်စာဆီဖြည့်ရန် ကြိုးပမ်းစဉ် ရေထဲကိုကျသွားခဲ့ပါတယ်။

ပြင်သစ်လူမျိုး Jet-Skiing ချန်ပီယံဟောင်းနဲ့ စွန့်ဦးတီထွင်သူ ဖရန်ကီဇာပါတာ (Franky Zapata) က ၎င်းတီထွင်ထားတဲ့ Flyboard ကို စီးနင်းပျံသန်းပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

(Photo: AFP/Getty Images)

ဇာပါတာက Flyboard စီးနင်းပျံသန်းပြီး ပြင်သစ်မြောက်ပိုင်းမှ အင်္ဂလန်တောင်ပိုင်းကို ရေလက်ကြားကို ဖြတ်သန်းလျက် မိနစ် ၂၀ အတွင်း ရောက်ရှိနိုင်ရန် မျှော်လင့်ထားခဲ့ပါတယ်။ သို့သော် အသက် ၄၀ အအရွယ် ဇာပါတာဟာ လမ်းခုလတ်မှာ သင်္ဘောတစ်စီးပေါ်သို့ ဆင်းသက်ပြီး ၎င်းရဲ့ ဂျက်အင်ဂျင်စွမ်းအင်သုံး Flyboard ကို လောင်စာဆီပြန်ဖြည့်ရန် ကြိုးပမ်းခဲ့ရာ ရေထဲသို့ကျသွားခဲ့ကြောင်း သိရပါတယ်။



ဇာပါတာက ယနေ့ (ဇူလိုင် ၂၅ ရက်) မနက်ပိုင်းမှာ ပြင်သစ်နိုင်ငံ Calais မြို့အနီးကနေ စတင်ထွက်ခွာပျံသန်းခဲ့ပြီး အင်္ဂလန်နိုင်ငံ စိန့်မာဂရတ်ပင်လယ်အော်သို့ ဦးတည်ခဲ့ပါတယ်။ လမ်းခုလတ်မှ သင်္ဘောပေါ်ဆင်းသက်ပြီး ဆီဖြည့်ရန်ကြိုးပမ်းခဲ့ပေမဲ့ ရေထဲကျသွားခဲ့တဲ့ ဇာပါတာဟာ ထိခိုက်ဒဏ်ရာတော့ မရခဲ့ဘူးလို့ ၎င်းရဲ့အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

(Photo: AFP)

ဇာပါတာက ယခု ကြိုးပမ်းမှုကို ၁၉၀၉ ခုနှစ်အတွင်း အင်္ဂလိပ်ရေလက်ကြားကို စွမ်းအင်သုံးလေယာဉ်ဖြင့် Louis Blériot က ဖြတ်သန်းခဲ့မှု နှစ် ၁၁၀ ပြည့်မြောက်နေ့မှာ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇာပါတာက Calais မြို့အနီး Sangatte ဒေသရှိ ကမ်းခြေကနေ ယနေ့ ဒေသစံတော်ချိန် မနက် ၇ နာရီခန့်မှာ စတင်ပျံသန်းခဲ့ပါတယ်။

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းရန် ကြာမြင့်ချိန်ဟာ ရာသီဥတုနဲ့ သင်္ဘောဖြတ်သန်းသွားလာမှု လမ်းကြောင်းအခြေအနေတွေအပေါ် မူတည်တယ်လို့ဆိုပါတယ်။ ဇာပါတာက Flyboard ကို ပျမ်းမျှအမြန်နှုန်း တစ်နာရီလျှင် ၈၇ မိုင်ဖြင့် ရေမျက်နှာပြင်အထက် ပေ ၅၀ မှ ၆၅ ပေကနေ ပျံသန်းသွားရန် ရည်ရွယ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP/Getty Images)

"ကျွန်တော်တို့ ပျံသန်းမှုနည်လမ်းသစ်ကို ဖန်တီးခဲ့ကြတာပါ၊ ကျွန်တော်တို့ တောင်ပံ့တွေ မသုံးပါဘူး၊ ခင်ဗျား ငှက်တစ်ကောင်နဲ့တူပါတယ်၊ ခင်ဗျား ခန္ဓာကိုယ်က ပျံသန်းနေတာပေါ့၊ ဒါက ကောင်လေးတစ်ယောက်အရွယ် အိပ်မက်ပေါ့ဗျာ" လို့ ပျံသန်းမှု မစတင်မီ ဇာပါတာက သတင်းထောက်တွေကို ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

လေတိုက်နေမှုက ၂၂ မိုင် အကွာအဝေးရှိတဲ့ အင်္ဂလိပ်ရေလက်ကြား ဖြတ်သန်းမှုကို ပိုမို ခက်ခဲစေနိုင်ကြောင်းလည်း ပြင်သစ်ကမ်းခြေမှ မထွက်ခွာမီ ဇာပါတာက ပြောပါတယ်။ စွန့်ဦးတီထွင်သူ ဇာပါတာဟာ ဇူလိုင် ၁၄ ရက်နေ့က ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲ အခမ်းအနားမှာ ၎င်းရဲ့ Flyboard ကို စီးနင်းပျံသန်းပြီး အနာဂတ်စိတ်ကူး မိုးပျံစစ်သား စွမ်းရည်ကိုပြသခဲ့ရာမှ လူအများ အာရုံစိုက်ခံခဲ့ရပါတယ်။

(Photo: CNN)

၎င်းက Flyboard ကို ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အပေါ် ကောင်းကင်မှာ စီးနင်းပျံသန်းပြခဲပါတယ်။ ဇာပါတာ တီထွင်ထားတဲ့ Flyboard ဟာ တစ်နာရီလျှင် ၁၁၈ မိုင် အမြန်နှုန်းဖြင့် စီးနင်းပျံသန်းနိုင်ပြီး ၎င်းက အနာဂတ်ကာလမှာ ပြင်သစ်စစ်တပ်ကို ရောင်းချရန်မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ကားဂိုဒေါင်မှာ တီထွင်ပြုလုပ်ခဲ့ပြီး လေထဲမှာ ၁၀ မိနစ်ကြာ ပျံဝဲနေနိုင်တဲ့ Flyboard ဟာ Back to the Future ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား မိုက်ကယ်ဂျေဖောက်စ်က သရုပ်ဆောင်ခဲ့တဲ့ Marty McFly ဇာတ်ကောင် အသုံးပြုခဲ့တဲ့ hoverboard နဲ့ အလွန်ဆင်တူကြောင်း ဇာပါတာက ပြောထားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က