လက်ခ်နောင်းမြို့ ဒေလီမြို့သို့ မောင်းနှင်သွားနေတဲ့ ဘတ်စ်ကားဖြစ်ပါတယ်။

အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်အတွင်း အမြန်လမ်းမှာ ဘတ်စ်ကားတစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: BBC)

အူတာပရာဒက်ရှ်ပြည်နယ်မြို့တော် လက်ခ်နောင်းမြို့မှ ၂၀၈ မိုင်အကွာ အဂ္ဂရာမြို့အနီးမှာ ယနေ့ (ဇူလိုင် ၈ ရက်) ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၅ မိနစ်ခန့်က ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ အစိုးရပိုင် အဆိုပါ ဘတ်စ်ကားဟာ လူ ၅၀ ဦးခန့်ကို တင်ဆောင်လာပြီး လက်ခ်နောင်းမြို့မှ အိန္ဒိယမြို့တော် ဒေလီမြို့သို့ မောင်းနှင်သွားနေစဉ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။



ဘတ်စ်ကားတိမ်းမှောက်ခဲ့တဲ့ နေရာဟာ လက်ခ်နောင်းမြို့အပြင်ဘက် ၁၂ မိုင်ခန့်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ Yamuna အမြန်လမ်းမှာ မောင်းနှင်သွားနေစဉ် ဘတ်စ်ကားမောင်းနှင်သူ အိပ်ငိုက်ခဲ့ရာမှ တံတားနှစ်စင်အကြား ရေမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ ယခု ဘတ်စ်ကားမတော်တဆမှုအတွင်း လူ ၁၈ ဦးလည်း ဒဏ်ရာရခဲ့ပြီး အချို့ဟာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

"လူ ၂၉ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရပါတယ်၊ ကြည့်ရတာ ဒရိုင်ဗာ အိပ်ငိုက်သွားပုံရပါတယ်" လို့ အဂ္ဂရာဒေသဆိုင်ရာ တရာသူကြီး အင်န်ဂျီရာဗီကူးမားက ပြောခဲ့ပါတယ်။ ဘတ်စ်ကား ရေမြောင်းထဲထိုးကျမှု အသံကြောင့် အိပ်ရာမှနိုးလာခဲ့ကြကြောင်းနဲ့ ရေမြောင်းထဲမှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ဘတ်စ်ကားကို တွေ့ခဲ့ရကြောင်း ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားရာနေရာအနီး နေထိုင်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။

"ကျွန်တော်တို့အိမ်တွေကနေ အပြေးအလွှား ထွက်ကြည့်ခဲ့ကြတယ်၊ လူတွေ အော်ဟစ်ပြီး အကူအညီတောင်းနေတာ တွေ့ခဲ့ရတယ်၊ ကျွန်တော်တို့လည်း ရေမြေင်းထဲဆင်းပြီး သူတို့ထဲက အချို့ကို ကယ်ဖို့ကြိုးစားခဲ့ကြပါတယ်၊ သိပ်မကြာဘူး ရဲတွေလည်း ရောက်လာခဲ့ကြပြီး ကရိန်းတွေ အလျင်အမြန် ယူလာခဲ့ကြတယ်" လို့ မျက်မြင်တစ်ဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: Agra Police/Twitter)

ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့ Yamuna အမြန်လမ်းဟာ အရှည် ၁၀၃ မိုင်နီးပါးရှိပြီး အိန္ဒိယနိုင်ငံရဲ့ အရှည်လျားဆုံး ခြောက်လမ်းသွား အမြန်လမ်းမဖြစ်ပါတယ်။ အဆိုပါ အမြန်လမ်းကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ စတင်ဖွင့်လှစ်ပြီးချိန်စပြီး ယခုအချိန်အထိ ခုနစ်နှစ်နီပါးအတွင်း Yamuna အမြန်လမ်းမှာ ယာဉ်မတော်တဆမှုကြောင့် လူ ၉၀၀ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ယာဉ်မတော်တဆမှုတွေကြောင့် ပျမ်းမျှ လူဦးရေ ၁၅၀,၀၀၀ သေဆုံးကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံရှိ တောင်တန်းထူထပ်ရာ ဟီမာချဲလ်ပရာဒက်ရှ်ပြည်နယ်မှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျမှုကြောင့် လူ ၄၄ ဦးထက်နည်း သေဆုံးခဲ့ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က