လစူးစမ်းလေ့လာရေးယာဉ်နဲ့ ထိန်းချုပ်စခန်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံ လွှတ်တင်လိုက်တဲ့ ချန်ဒရာရန် - ၂ (Chandrayaan-2) သို့မဟုတ် Moon Charito 2 လို့ အမည်ပေးထားတဲ့ လစူစမ်းရေးယာဉ်နဲ့ မြေပြင်ထိန်းချုပ်စခန်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီလို့ သိရပါတယ်။

(ချန်ဒရာရန် - ၂ နဲ့ အခြေအနေကိုသိရစဉ် ISRO ဝန်ထမ်းများမြင်ကွင်း) (Photo: Aijaz Rahi/AP)

လမျက်နှာပြင်ပေါ်မှာ သွားလာစူးစမ်းမယ့်ယာဉ် (Pragyan) ကို သယ်ဆောင်ချထားပေးမယ့်ယာဉ် (Vikram Lander) က လရဲ့လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းနေရာမှာ မဆင်းသက်မီ ချန်ဒရာရန် - ၂ နဲ့ ယနေ့ (စက်တင်ဘာ ၇ ရက်) အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လစူစမ်းလေ့လာရေး အာကာသယာဉ်ရဲ့ အခြေအနေကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။



အိန္ဒိယ လွှတ်တင်လိုက်တဲ့ ချန်ဒရာရန် -၂ အာကာသယာဉ်မှာ လမျက်နှာပြင်ပေါ်မှာ သွားလာစူးစမ်းမယ့်ယာဉ် (Pragyan) နဲ့ ထိုယာဉ်ကို လမျက်နှာပြင်ပေါ်သို့ သယ်ဆောင်ချထားပေးမယ့်ယာဉ် (Vikram Lander) တို့ ပါဝင်ခဲ့ပါတယ်။ ယခုဖြစ်ရပ်က အိန္ဒိယရဲ့ ကုန်ကျစရိတ်နည်းတဲ့ လကမ္ဘာစူးစမ်းလေ့လာရေး အာကာသခရီးစဉ် ရည်မှန်းချက်ကို ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာပါတယ်။

(အိန္ဒိိယ လစူးစမ်းလေ့လာရေးယာဉ်) (Photo: India Today)

အိန္ဒိယနိုင်ငံက အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးပါက လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာရောက်ရှိ ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာစေရန် မျှော်လင့်ထားခဲ့ပါတယ်။ အိန္ဒိယတောင်ပိုင်း ဘင်ဂလောမြို့ရှိ ထိန်းချုပ်စခန်းနဲ့ ချန်ဒရာရန် - ၂ အာကာယာဉ်တို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး လကမ္ဘာစူးစမ်းလေ့လာရေးခရီးစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နိုင်ရန် နီးစပ်နေချိန်မှာ ထိုသို့ဖြစ်သွားခဲ့ပေမဲ့ ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့မှုအတွက် ဂုဏ်ယူပါကြောင်း နိုင်ငံရဲ့ အာကာသသိပ္ပံပညာရှင်တွေကို ပြောခဲ့ပါတယ်။ လကမ္ဘာစူးစမ်းလေ့လာရေး နောက်ထပ် အခွင့်အလမ်းတွေ ရှိသေးကြောင်းလည်း ဝန်ကြီးချုပ်မိုဒီက အားပေးစကားဆိုခဲ့ပါတယ်။

(ISRO အကြီးအကဲနှင့် ဝန်ကြီးချုပ်မိုဒီ) (Photo: India Today)

"ဒီခရီးစဉ်က ကျွန်တော်တို့ရဲ့ အာကာသအစီအစဉ်မှာ အကောင်းဆုံးပါပဲ၊ အိန္ဒိယက သင်တို့နဲ့အတူ ရှိနေပါတယ်" လို့ မိုဒီက ပြောပါတယ်။ ချန်ဒရာရန် - ၂ လစူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ လအနီးကိုချဉ်းကပ်ခဲ့စဉ် ပုံမှန်အတိုင်းဖြစ်ခဲ့ပြီး လမျက်နှာပြင်မှ ၁.၃ မိုင်ခန့်အကွာ အရောက်မှာတော့ ဆက်သွယ်ထိန်းချုပ်ရေး ချို့ယွင်းမှုကြုံလာခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် လမျက်နှာပြင်ပေါ်သို့ လစူးစမ်းယာဉ်ကို သယ်ဆောင်သွားမယ်ယာဉ် (Vikram Lander) မဆင်းသက်မီမှာ အိန္ဒိယ အာကာသအေဂျင်စီ (Indian Space Research Organization - ISRO) ရဲ့ ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။

(ISRO ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရသည့် Vikram Lander) (Photo: AFP)

အိန္ဒိယရဲ့ ချန်ဒရာရန် - ၂ လစူးစမ်းလေ့လာရေး အာကာသယာဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှာ လွှတ်တင်ခဲ့ပြီး တစ်လနီးပါးအကြာ သြဂုတ် ၂၀ ရက်မှာ လကမ္ဘာပတ်လမ်းအတွင်း ဝင်ရောက်ခဲ့ပါတယ်။ အိန္ဒိယစံတော်ချိန် ယနေ့မနက်အစောပိုင်းမှာတော့ ထိန်းချုပ်စခန်းက လစူးစမ်းလေ့လာရေး အာကာသယာဉ်ကို လမျက်နှာပြင်အနီးသို့ ချဉ်းကပ်စေခဲ့ကာ Vikram Lander ကို ဆင်းသက်နိုင်ရန် လုပ်ဆောင်ခဲ့စဉ် အဆက်အသွယ်ပြတ်တောက်သွားပြီး မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

(ချန်ဒရာရန် - ၂ ကို လွှတ်တင်ခဲ့စဉ်) (Photo: ISRO)

အိန္ဒိယရဲ့ ပထမဆုံး လကမ္ဘာခရီးစဉ်အဖြစ် ချန်ဒရာရန် - ၁ အာကာသယာဉ်ကို ၂၀၁၈ ခုနှစ်အတွင်း လွှတ်တင်ခဲ့ပြီး လမျက်နှာပြင်ပေါ်မှာ ရေရှိ မရှိ ပထမဆုံးနဲ့ အသေးစိတ်အကျဆုံး ရှာဖွေမှုကို ရေဒါများသုံးပြီး ဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ် ဧပြီ ၁၁ ရက်ကလည်း အိန္ဒိယကဲ့သို့ပင် အစ္စရေးနိုင်ငံက လွှတ်တင်လိုက်တဲ့ လစူးစမ်းလေ့လာရေးယာဉ်ဟာ အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းမရှိဘဲ လမျက်နှာပြင်ပေါ်ကို ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။

Source: India Today, Hindustan Times, BBC, AFP

Share

Loading Next Article...
က္က