အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေ ရှိနေနိုင်ပါသေးတယ်။
အိန္ဒိယတောင်ပိုင်းမှာ ဆောက်လက်စ ငါးထပ်တိုက် ပြိုကျခဲ့မှုအတွင်း လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (မတ်လ ၂၁ ရက်) မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

(Photo: AFP)

မတ်လ ၁၉ ရက်နေ့က အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ် Dharwad ခရိုင်ရှိ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့တာဖြစ်ပြီး အပျက်အစီးများထဲမှာ လူ ၅၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။



ကယ်ဆယ်ရေးသမား ၄၀၀ ခန့်က အဆောက်အအုံ ပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အပျက်အစီးများအောက်မှာ ပိတ်မိနေသူတွေ ရှိနေနိုင်သေးကြောင်းနဲ့ ၎င်းတို့ အသက်ရှင်နိုင်ဖွယ်မရှိကြောင်း အာဏာပိုင်တွေက ယနေ့ နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: AFP)

"အနည်းဆုံး လူ ၁၅ ယောက်လောက် အပျက်အစီးတွေအောက်မှာ ရှိနေနိုင်သေးပြီး သူတို့ကတော့ အသက်ရှင်နေနိုင်ဖွယ် မရှိပါဘူး" လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူ Srikant က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက စက်ယန္တရားများနဲ့ အနံ့ခံခွေးများသုံးပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆောက်လက်စ ငါးထပ်တိုက် ပြိုကျမှုအတွင်း သေဆုံးခဲ့သူအများစုဟာ အိန္ဒိယမြောက်ပိုင်းမှဖြစ်ပြီး Karnataka ပြည်နယ်ကိုလာရောက်ပြီး အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အဆောက်အအုံ ဆောက်လုပ်သူကို လူသေမှုဖြင့် အမှုဖွင့်ထားပေမဲ့ လက်ရှိမှာတော့ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးရေးမှူးတွေကတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပြီးပါက အဆောက်အအုံ ဆောက်လုပ်သူကို ဖမ်းဆီးသွားမယ်လို့ ပြောထားပါတယ်။

(Photo: IBTimes)

အိန္ဒိယမှာ ဈေးပေါတဲ့ ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုမှု၊ တာဝန်ရှိသူတွေကို လာဘ်ထိုးပြီး စည်းမျဉ်းစည်းကမ်းများအတိုင်း မလိုက်နာမှုနဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု လျော့နည်းမှုတို့ကြောင့် အဆောက်အအုံပြိုကျမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း ဒေလီမြို့ရှိ လူနေတိုက်ခန်းတွဲ ပြိုကျမှုကြောင့် လူငါးဦး သေဆုံးခဲ့ပါတယ်။ အလားတူ ထိုနှစ်အတွင်းမှာပင် ဒေလီမြို့တော်အပြင်ဘက်ရှိ လူနေတိုက်ခန်းတွဲ ပြိုကျမှုဖြစ်ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က