တစ်နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ကက်ရှ်မီးယားဒေသ နယ်စပ်တစ်လျှောက်မှာ အိန္ဒိယနဲ့ပါကစ္စတန် တပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုတွေ ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

(ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်မှာ ပျက်ကျခဲ့သည့် အိန္ဒိယတိုက်လေယာဉ်) (Photo: AFP)

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း နှစ်နိုင်ငံက တိုက်လေယာဉ်တွေကို အပြန်အလှန် ပစ်ချခဲ့ကြပြီး ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်မှူးကို ဖမ်းဆီးထားခဲ့ပြီးနောက် ယနေ့မှာလည်း နယ်စပ်ဒေသမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဖဖေါ်ဝါရီ ၁၄ ရက်နေ့က အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေမှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ စတင်မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။



အဆိုပါ အသေခံ ကားဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်ပိုက်နက်အတွင်း ခြေကုပ်ရယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ပြောခဲပါတယ်။ ထို့နောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွက် Balakot မြို့ငယ်တဝိုက်ရှိ JeM စစ်သွေးကြွစခန်းတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

(ပါကစ္စတန်က ဖမ်းဆီးထားသည့် အိန္ဒိယတိုက်လေယာဉ်မှူး) (Photo: AFP/ISPR/Handout)

JeM စခန်းကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောထားခဲ့ပြီး ပါကစ္စတန်ကတော့ ယခုတိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၂၇ ရက်မှာတော့ ပါကစ္စတန်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေ လေပိုင်အနက်အတွင်းမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ကြောင်းနဲ့ လေယာဉ်မှူးတစ်ဦး ဖမ်းဆီးထားကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အိန္ဒိယက လေယာဉ်မှူးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားပါတယ်။ တိုက်လေယာဉ်ပစ်ချမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နှစ်ကြိမ်က ကက်ရှ်မီးယားအရေးနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

(ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း) (Photo: AFP)

ဒါ့အပြင် ၂၀၀၁ ခုနှစ် နှောင်းပိုင်းမှာလည်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို ပါကစ္စတန်မှာ ခြေကုပ်ရယူထားတဲ့ စစ်သွေးကြွတွေက တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား လတ်တလော တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပါကစ္စတန်က ၎င်းရဲ့ လေပိုင်နက်ကို ပိတ်ပင်ထားလိုက်ရာ လေကြောင်းလိုင်းများ လမ်းကြောင်းပြောင်းလဲခဲ့ရပါတယ်။

ထိုင်းလေကြောင်းလိုင်း (Thai Airways International) က ပါကစ္စတန်နဲ့ ဥရောပသို့ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာပါတယ်။ ထိုင်းလေကြောင်းလိုင်းက လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းမှုကြောင့် ဘန်ကောင်မှာ ထောင်နဲ့ချီတဲ့ ခရီးသည်တွေ သောင်တင်ခဲ့ေကြာင်းလည်း သိရပါတယ်။

(အိန္ဒိယဝန်ကြီးချုပ် မိုဒီ) (Photo: India Express)

အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေကြား အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်းရှိ Poonch ခရိုင်မှာ ယနေ့မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယဘက်က ပြောကြားမှုအရ ပါကစ္စတန်တပ်ဖွဲ့က ဒေသစံတော်ချိန် မနက် ၆ နာရီကျော်မှာ စတင်ပစ်ခတ်ခဲ့ကြောင်းနဲ့ အပြန်အလှန် ပစ်ခတ်မှုဟာ တစ်နာရီကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန် တပ်ဖွဲ့တွေကြား ဗုဒ္ဓဟူးနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) ကလည်း အမြောက်ဖြင့် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ယခု ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုများအတွင်း သေဆုံးဒဏ်ရာရကြောင်း သတင်းတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အိန္ဒိယက ပါကစ္စတန်နဲ့ နယ်စပ်ဒေသ ဂျမူးနဲ့ကက်ရှ်မီးယားမှာ ကတုတ်ကျင်းပေါင်း ၁၄,၀၀၀ ကျော် တည်ဆောက်ထားပြီး အမြောက်ပစ်ခတ်မှုတွေကြောင်း နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မိသားစုတွေ ရွှေ့ပြောင်းရခြင်းမရှိဘဲ ၎င်းတို့ နေအိမ်တွေအနီးမှာသာ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ 

(အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဘက်မှာ တိုက်လေယာဉ် ပျက်ကျခဲ့မှု) (Photo: AFP/Tauseef Mustafa)

အမေရိကန်၊ တရုတ်နဲ့ အခြား ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက လေကြောင်းတိုက်ခိုက်မှုတွေ အပြန်အလှန် ပြုလုပ်ခဲ့ကြပြီးနောက် တင်းမာမှုမြင့်တက်နေခြင်းကို ထိန်းချုပ်ကြရန် တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းက လတ်တလော အခြေအနေတွေအပေါ် ဆွေးနွေးကြရန် ပြောကြားလိုက်ပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုဖြစ်စဉ်များ

သြဂုတ် ၁၉၆၅ - ကက်ရှ်မီးယားအရေး နောက်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉၇၁ - အိန္ဒိယက အရှေ့ပါကစ္စတန်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယလေတပ်က နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကြားဝင်ဆောင်ရွက်မှုဖြင့် စစ်ပွဲပြီဆုံးခဲ့ပါတယ်။

မေလ ၁၉၉၉ - ပါကစ္စတန်စစ်သားများနဲ့ စစ်သွေးကြွများက Kargil တောင်တန်းရှိ အိန္ဒိယစစ်တပ် ကင်းစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယက ဝေဟင်နဲ့မြေပြင် တိုက်ခိုက်မှုများဖြင့် ကျူးကျော်သူတွေက ပြန်ဆုတ်ခွာစေခဲ့ပါတယ်။

(ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားမှု) (Image: BBC)

အောက်တိုဘာ၊ ဒီဇင်ဘာ ၂၀၀၁ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ၂ လအကြာ ဒီဇင်ဘာလအတွင်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။

ိုဝင်ဘာ ၂၀၀၈ - မွမ်ဘိုင်းမြို့ရဲ့ အဓိက မီးရထားဘူတာရုံ၊ ဇိမ်ခံဟိုတယ်နဲ့ ဂျူးယဉ်ကျေးမှုဌာနတို့ကို စစ်သွေးကြွများ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ Lashkar-e-Taiba စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယက ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၀၁၆ - Pathankot မြို့ရှိ အိန္ဒိယ လေတပ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက လေးရက်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ခုနစ်ဦးနဲ့ စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၈၊ ၂၀၁၆ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

(အိန္ဒိယစစ်သားများ လိုက်ပါလာသည့်ဘတ်စ်ကား အသခေံဗုံးခွဲတိုက်ခိုက်ခံရမှု) (Photo: PTI)

စက်တင်ဘာ ၃၀၊ ၂၀၁၆ - အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်းရှိ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ထိုသို့ တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၉ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း အိန္ဒိယစစ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နယ်အတွင်းရှိ JeM စစ်သွေးကြွစခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က