ကမ္ဘာတစ်ဝှမ်းကူးစက်မှုတွေဟာ အမေရိကမှ အာရှအထိ နေ့စဥ် သိသိသာသာ တိုးလာနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် ယနေ့ (ဇူလိုင် ၁၆ ရက်) မှစပြီး လူဦးရေ ၁၂၅ သန်းကျော်ကို lockdown အစီအမံများ ပြန်လည်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ကူးစက်မှုတွေဟာ အမေရိကမှ အာရှအထိ နေ့စဥ် သိသိသာသာ တိုးလာနေဆဲ ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁၃.၇ သန်းကျော်နဲ့ သေဆုံးသူ ၅၈၇,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။



အမေရိကန်က တစ်ကမ္ဘာလုံးမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၃.၆ သန်းကျော်၊ သေဆုံးသူ ၁၄၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၆ သန်းကျော်ရှိခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ အမေရိက တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ မြင့်တက်နေပြီး ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၅ ရက်) ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၆၇,၀၀၀ ကျော် တိုးလာခဲ့ကာ နေ့အလိုက် အများဆုံးအဖြစ် စံချိန်ထပ်တင်ခဲ့ပါတယ်။

(Photo: AFP)

အိန္ဒိယမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ တိုးလာနေပြီး တစ်ရက်အတွင်း သေဆုံးသူ နောက်ထပ် ၆၀၀ ကျော် တိုးလာခဲ့ပါတယ်။ ယခုအခါ အိန္ဒိယအာဏာပိုင်တွေက COVID-19 ကူးစက်မှုထိန်းချုပ်ရန် ဘီဟာပြည်နယ်ရှိ လူဦးရေ ၁၂၅ သန်းကို ယနေ့မှစပြီး ၁၅ ရက်ကြာ lockdown သတ်မှတ်လိုက်ပါတယ်။

အိန္ဒိယရဲ့ အိုင်တီလုပ်ငန်းများရှိရာ Bangalore မြို့နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ ကမ်းရိုးတန်းပြည်နယ် ဂိုအာတို့မှာလည်း ယခုသီတင်းပတ် အစောပိုင်းမှစပြီး ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ထားပါတယ်။ ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေအနီအဖွဲ့က တောင်အာရှဒေဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအသစ် ဖြစ်လာနေကြောင်း သတိပေးခဲ့ပါတယ်။

(Photo: AFP)

"ကမ္ဘာက အမေရိကန်နဲ့ တောင်အမေရိကမှာ ဖြစ်နေတဲ့ အကျပ်အတည်းကိုပဲ အာရုံစိုက်နေကြချိန် တောင်အာရှမှာ လူတွေ အဖြစ်ဆိုးကြုံရမှုက တစ်ပြိုင်တည်းဆိုသလို အလျင်အမြန် ဖြစ်ပေါ်နေပါတယ်" လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေအနီအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကျန်းမာရေးအကြီးအကဲ ဂျွန်ဖလမ်းမင်းက ပြောပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ သောကြာနေ့ (ဇလိူင် ၁၇ ရက်) သို့မဟုတ် စနေနေ့ (ဇူလိုင် ၁၈ ရက်) မှာ ၁ သန်းကျော်လွန်တော့မှာလည်း ဖြစ်ပါတယ်။ ထို့အတူ သေဆုံးသူအရေအတွက်ဟာလည်း လက်ရှိမှာ ၂၅,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ဘီဟာပြည်နယ်မှာ ယခု အသစ်ထုတ်ပြန်လိုက်တဲ့ lockdown အစီအမံအရ ကျောင်းများအားလုံး၊ ကလပ်များ၊ ဘုရားကျောင်းနဲ့ မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းတွေကို ပိတ်ထားရန် ညွှန်ကြားထားပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝှမ်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ကူးစက်မှုတွေ အမြင့်ဆုံး ဖြစ်နေကြောင်း AFP သတင်းက ဖော်ပြပါတယ်။

ကမ္ဘာ့နိုင်ငံတွေက တင်းကျပ်တဲ့ ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးခဲ့ပါတယ်။

"ရှင်းရှင်းပြောရရင် နိုင်ငံအများအပြားက လမ်းကြောင်းလွဲမှားနေကြတယ်၊ ဗိုင်းရပ်စ်က အများပြည်သူဆိုင်ရာ နံပါတ်တစ် ရန်သူဖြစ်နေဆဲပဲ" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှတစ်ဆင့် ဇူလိုင် ၁၃ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က