COVID-19ယာယီဆေးရုံအဖြစ် စီစဥ်ထားတဲ့ ဟိုတယ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လေးရက်အတွင်း COVID-19 လူနာများထားရှိရာ နေရာတစ်ခု နောက်တစ်ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။


(Photo: AP)

အိန္ဒိယအရှေ့တောင်ပိုင်း အင်ဒရာပရာဒက်ရှ်ပြည်နယ် Vijayawada မြို့ရှိ ယာယီ COVID-19 ဆေးရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ COVI9-19 လူနာများထားရှိကုသရန် ယာယီဆေးရုံအဖြစ် စီစဥ်ထားတဲ့ Vijayawada မြို့ရှိ Swarna Palace ဟိုတယ်မှာ ယ‌နေ့ (ဩဂုတ် ၉ ရက်) ဒေသစံတော်ချိန် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။



မီးလောင်မှုကို မိနစ် ၃၀ အတွင်း ထိန်းချုပ်နိုင်ခဲ့ပြီး အသက်ရှင်ကျန်တဲ့ လူနာအားလုံးကို ထိုမြို့ရှိ ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ယနေ့ မနက် ၅ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ယာယီ COVID-19 ဆေးရုံရှိရာ ဟိုတယ်မှဖြစ်ပွားတဲ့ မီးလောင်မှုအကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

(Photo: AP)

အင်ဒရာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် YS Jagan Mohan Reddy က မီးလောင်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေကို လျော်ကြေးငွေ အိန္ဒိယရူပီးငါးသန်း ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အိန္ဒိယမှာ ကြာသပတေးနေ့ (ဩဂုတ် ၆ ရက်) ကလည်း နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘတ်ဒ်မြို့ရှိ Shrey ပုဂ္ဂလိကဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဒေသစံတော်ချိန် ၃ နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး COVID-19 လူနာရှစ်ဦး သေဆုံးခဲ့ပါတယ်။

(Photo: Indian Express)

အရေးပေါ်ဌာနက ပြောကြားမှုအရ အဆိုပါ မီးလောင်မှုဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးရဲ့ PPE (personal protective equipment) ဝတ်စုံကို မီးစွဲလောင်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၁ သန်းကျော်နဲ့ သေဆုံးသူ ၄၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဩဂုတ် ၉ ရက် ထုတ်ပြန်မှုအရ အိန္ဒိယမှာ ကူးစက်ခံရသူ နောက်ထပ် ၆၄,၀၀၀ တိုးလာခဲ့ပြီး တစ်ရက်အတွင်း အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။

.

Share

Loading Next Article...
က္က