မဟာရက်ရှ်ထရာပြည်နယ်ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ ၆ ပေခွဲအထိရှိတဲ့ မုန်တိုင်းဒီရေများ တက်ရောက်နိုင်ပါတယ်။
Ko John

အိန္ဒိယနိုင်ငံကို ဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အန္တရာယ်ရှိတာကြောင့် COVID-19 လူနာအချို့ အပါအဝင် လူဦးရေ ၁၀,၀၀၀ ကျော်ကို ၎င်းတို့ နေအိမ်များမှ ပိုမိုဘေးကင်းလုံခြုံတဲ့ နေရာများသို့ ယနေ့ (ဇွန် ၂ ရက်) ရွှေ့ပြောင်းပေးခဲ့ပါတယ်။

(Photo: Getty Images)

အိန္ဒိယအနောက်ပိုင်း ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ (Cyclone Nisarga) ဦးတည်းချဥ်းကပ်လာနေပြီး မွမ်ဘိုင်းမြို့မှာ နှစ်ပေါင်း ၁၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ထိုကဲ့သို့ မုန်တိုင်းခြိမ်းခြောက်မှု ဖြစ်တယ်လို့ BBC သတင်းက ဆိုပါတယ်။ AFP သတင်းမှာတော့ နီဆာဂါဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း မွမ်ဘိုင်းမြို့မှာ ထိုကဲ့သို့ မုန်တိုင်းခြိမ်းခြောက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မွမ်ဘိုင်းမြို့မှာ COVID-19 လူနာ ၁၅၀ နီးပါးကို လတ်တလော ဆောက်လုပ်ထားတဲ့ ယာယီဆေးရုံကနေ ကြိုတင်ကာကွယ်မှုအဖြစ် ပိုမိုဘေးကင်းလုံခြုံတဲ့ အဆောက်အအုံတစ်ခုသို့ အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။ ကမ်းရိုးတန်းအနီးရှိ ခိုင်ခံ့မှုအားနည်းတဲ့ နေအိမ်တွေမှာ နေထိုင်ကြသူတွေကို ပိုမိုဘေးကင်းလုံခြုံတဲ့ နေရာများသို့ ရွှေ့ပြောင်းကြရန် မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် Uddhav Thackeray က ပြောခဲ့ပါတယ်။

(Photo: AFP)

ဆိုင်ကလုန်းနီဆာဂါဟာ ဗုဒ္ဓဟူးနေ့ (ဇွန် ၃ ရက်) မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မွမ်ဘိုင်းမြို့ဟာ ဆိုင်းကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်မှု ရှားပါးစွာ ကြုံတွေ့ရလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။ AFP သတင်းမှာ ဖော်ပြထားမှုအရ မွမ်ဘိုင်းကို နောက်ဆုံးအကြိမ် မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုဟာ ၁၉၄၈ ခုနှစ်ကဖြစ်ပြီး လူ ၁၂ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

BBC သတင်းကတော့ မွမ်ဘိုင်းမြို့ကို အားကောင်းတဲ့ ဆိုင်းကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကို ၁၈၉၁ ခုနှစ်မှာ ကြုံတွေ့ခဲ့ဖူးတယ်လို့ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခ Adam Sobel ရဲ့ ပြောကြားမှုကို ကိုးကားဖော်ပြထားပါတယ်။ မွမ်ဘိုင်းကို ဖြတ်သန်းတိုက်ခတ်မယ့် ဆိုင်ကလုန်းနီဆာဂါဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၆၈ မိုင်အထိရှိနိုင်ပြီး တစ်နာရီလျှင် ၇၅ မိုင်အထိ အားကောင်းတဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။

မုန်တိုင်းကြောင့် တဲအိမ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ မဟာရက်ရှ်ထရာပြည်နယ်ရဲ့ အနိမ့်ပိုင်းနေရာတွေမှာ အမြင့် ၃ ပေကျော်မှ ၆ ပေခွဲအထိရှိတဲ့ မုန်တိုင်းဒီရေလှိုင်းများ တက်ရောက်နိုင်ကြောင်း သတိပေးထားပါတယ်။ ဆိုင်ကလုန်းနီဆာဂါဟာ မဟာရက်ရှ်ထရာနဲ့ အိမ်နီးချင်း ဂူဂျာရတ်ပြည်နယ်ကိုနဲ့ Daman အရပ်ဒေသ ကမ်းရိုးတန်းနေရာတွေကိုလည်း ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပြီး အာဏာပိုင်တွေက ဒေသခံတွေကို ရွှေ့ပြောင်းထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဆိုင်ကလုန်းအမ်ဖန် ဝင်ရောက်တိုက်ခတ်ပြီး မကြာမီမှာပင် ဆိုင်ကလုန်းနီဆာဂါက အိန္ဒိယအနောက်ပိုင်း ကမ်းရိုးတန်းကို ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က