မွမ်ဘိုင်းမြို့ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ခြင်းမရှိဘဲ အနည်းငယ်မျှ လွဲသွားခဲ့တာ ဖြစ်ပါတယ်။
Ko John

အိန္ဒိယရဲ့ လူနေအထူထပ်ဆုံး မွမ်ဘိုင်းမြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ ဖြတ်သန်းတိုက်ခတ်ကြောင်း သိရပါတယ်။

(Photo: BBC)

ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ (Cyclone Nisarga) ဟာ မဟာရက်ရှ်ထရာပြည်နယ်ကို ဝင်ရောက်တိုက်ခတ်စဥ် မွမ်ဘိုင်းမြို့ကို တိုက်ရိုက် ဖြတ်သန်းသွားခဲ့ခြင်းမရှိဘဲ အနည်းငယ်မျှ လွဲသွားခဲ့တာလည်း ဖြစ်ပါတယ်။ နီဆာဂါကြောင့် ကမ်းရိုးတန်းဒေသတွေမှာ ကြီးမားတဲ့ မုန်တိုင်းဒီရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဆိုင်းကလုန်းနီဆာဂါ ချဥ်းကပ်လာစဥ် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံတွေကို ကုန်းမြင့်နေရာများသို့ အာဏာပိုင်တွေက ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လူနေအထူထပ်ဆုံး မွမ်ဘိုင်းမြို့ဟာ လူဦးရေ သန်း ၂၀ ရှိပြီး လက်ရှိမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေဆိုးနေတာလည်း ဖြစ်ပါတယ်။

(Photo: NDTV)

မွမ်ဘိုင်းမှာ COVID-19 ကူးစက်ခံရသူ ၄၀,၀၀၀ ကျော် အတည်ပြုတွေ့ရှိထားပြီး သေဆုံးသူ ၁,၄၀၀ နီးပါးရှိခဲ့ရာ အိန္ဒိယမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေ အဆိုးဆုံးမြို့လည်း ဖြစ်နေပါတယ်။ မွမ်ဘိုင်းမြို့မှာ COVID-19 လူနာ ၁၅၀ နီးပါးကို လတ်တလော ဆောက်လုပ်ထားတဲ့ ယာယီဆေးရုံကနေ ကြိုတင်ကာကွယ်မှုအဖြစ် ပိုမိုဘေးကင်းလုံခြုံတဲ့ အဆောက်အအုံတစ်ခုသို့ အာဏာပိုင်တွေက ရွှေ့ပြောင်းထားခဲ့ပါတယ်။

မွမ်ဘိုင်းမြို့ကို မုန်တိုင်း တိုက်ရိုက် ဖြတ်သန်းသွားခြင်းမရှိခဲ့ရာ ယခင်ကြုံဖူးတာထက် လေတိုက်နှုန်းပြင်းထန်ခဲ့ပေမဲ့ မိုးရွာသွန်းမှု အခြေအနေကတော့ အလွန်သည်းထန်မှု မရှိခဲ့ကြောင်း သိရပါတယ်။ ဆိုင်ကလုန်းနီဆာဂါဟာ အိန္ဒိယကို ချဥ်းကပ်လာစဥ် လေတိုက်နှုန်း တစ်နာရီလျှင် ၆၂ မိုင်ကျော်ရှိခဲ့ပါတယ်။

(Photo: AFP)

နီဆာဂါက အိန္ဒိယကုန်းတွင်းပိုင်းကို မွမ်ဘိုင်းမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာ မဟာရက်ရှ်ထရာပြည်နယ် Raigad ခရိုင်ရှိ Alibaug မြို့ငယ် အနီးတဝိုက်ကနေ ယနေ့ (ဇွန် ၃ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ မဟာရက်ရှ်ထရာအပြင် ဂူဂျာရတ်ပြည်နယ်ဟာလည်း ဆိုင်ကလုန်းနီဆာဂါ ဖြတ်သန်းတိုက်ခတ်သွားမယ့် လမ်းကြောင်းမှာ ရှိနေခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(နောက်ဆက်တွဲသတင်းရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


က္က