ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကနေ ဖန်တီးထားတဲ့ အိန္ဒိယနိုင်ငံထုတ် ပထမဆုံး COVID-19 ကာကွယ်ဆေး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးသစ်တစ်မျိုးကို ဇူလိုင်လအတွင်း လူတွေမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech က အရေအတွက် မဖော်ပြထားတဲ့ ပါဝင်စမ်းသပ်ခံသူတွေကို ကာကွယ်ဆေးစမ်းသပ်သွားမယ်လို့ သိရပါတယ်။ ထိုကာကွယ်ဆေးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့မှုအရ ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေကြောင်း တွေ့ရှိထားပါတယ်။



ယခု စမ်းသပ်မှုဟာ ကမ္ဘာတစ်ဝှမ်း ပြုလုပ်နေကြတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေအနက် အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး ၁၂၀ ဝန်းကျင်ကို ထုတ်လုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ကုမ္ပဏီ ၆ ခုက ကာကွယ်ဆေးများ ထုတ်လုပ်နေပါတယ်။ ယခု စမ်းသပ်သွားမယ့် COVID-19 ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကနေ ဖန်တီးထားတဲ့ အိန္ဒိယနိုင်ငံထုတ် ပထမဆုံး ကာကွယ်ဆေးဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: India.com)

ကာကွယ်ဆေးထုတ်ရာမှာ အသုံးပြုတဲ့ ဗိုင်းရပ်စ်ကို ပြည်တွင်းမှာပင် သီးခြားခွဲထားပြီး ဓာတ်ခွဲခန်းမှာ အားလျော့နည်းစေရန် ဖန်တီးလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ ရရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးဗီဇဟာ ကာကွယ်ဆေးကို အလျင်အမြန် ထုတ်လုပ်ရာမှာ အရေးပါကြောင်း ဇီဝနည်းပညာကုမ္ပဏီက ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်တွေက Bharat Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။ Bharat Biotech ရဲ့ ကာကွယ်ဆေးကို လူတွေမှာ မစမ်းသပ်မီ လေ့လာမှုများအရ ဘေးကင်စိတ်ချရပြီး ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေကြောင်း တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက ထိုသို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Reuters)

စမ်းသပ်မှုနှစ်ခုဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုထက် ဘေးကင်းစိတ်ချရမှုရှိ မရှိကို အဓိက စမ်းသပ်မှာလည်း ဖြစ်ပါတယ်။ Covaxin အမည်ရှိ COVID-19 ကာကွယ်ဆေးကို Bharat Biotech ကုမ္ပဏီ၊ အိန္ဒိယအစိုးရရဲ့ National Institute of Virology နဲ့ Indian Council of Medical Research တို့က ပြည်တွင်းမှာ ပူးပေါင်း ထုတ်လုပ်ခဲ့ကြကြောင်း Bharat Biotech ရဲ့ ဥက္ကဌ ဒေါက်တာ Krishna Ella က ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်း ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါအတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ကျွမ်းကျင်သူအများစုကတော့ ကာကွယ်ဆေးတစ်ခုကို COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) စတင်တွေ့ရှိခဲ့ပြီး ၁၂ လမှ ၁၈ လအတွင်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ရရှိလာနိုင်ဖွယ်ရှိကြောင်း ထင်မြင်ယူဆထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က