အသက်အုပ်စုအလိုက် ကလေးတွေအတွက် mask တပ်ခြင်းနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။

အသက် ၁၂ နှစ်နဲ့အထက် ကလေးများဟာ ၎င်းတို့ နိုင်ငံ သို့မဟုတ် နယ်မြေဒေသမှာ အရွယ်ရောက်ပြီးသူတွေအတွက် ထောက်ခံအကြံပြုထားတဲ့ အလေ့အကျင့်နဲ့အညီ mask တပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က လမ်းညွှန်ချက်ထုတ်ပြန်လိုက်ပါတယ်။

အခြား အသက်အုပ်စုအလိုက် ကလေးတွေအတွက်လည်း mask တပ်ခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ဩဂုတ် ၂၁ ရက် ရက်စွဲဖြင့် WHO နဲ့ United Nations Children's Fund (UNICEF) တို့က WHO ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။



ကလေးတွေက ဗိုင်းရပ်စ် မည်သို့ ကူးစက်ပျံ့နှံ့စေနိုင်မှုနဲ့ ပတ်သက်ပြီး အနည်းအကျဥ်းသာ သိရှိထားကြောင်း WHO က ဝန်ခံခဲ့ပေမဲ့ ဆယ်ကျော်သက်တွေဟာ အရွယ်ရောက်ပြီးသူများကဲ့သို့ပင် အခြားသူတွေကို ဗိုင်းရပ်စ်ကူးစက်စေနိုင်တဲ့ အထောက်အထားကို ထောက်ပြခဲ့ပါတယ်။

အသစ်ထုတ်ပြန်ထားတဲ့ WHO ရဲ့ လမ်းညွှန်ချက်အရ အသက်ငါးနှစ်နဲ့ ငါးနှစ်အောက်အရွယ် ကလေးငယ်တွေကတော့ ပုံမှန်အားဖြင့် mask မတပ်သင့်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၈၀၀,၀၀၀ ကျော်လွန်ပြီဖြစ်ပြီး ကူးစက်ခံထားရသူ ၂၃ သန်းကျော် တွေ့ရှိထားရပါတယ်။

အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယတို့ဟာ ကူးစက်မှုအများဆုံး တွေ့ရှိထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ သို့သော် စစ်ဆေးမှု မလုံလောက်ခြင်းနဲ့ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုတွေကြောင့် ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်ဟာ များစွာပိုမိုနိုင်တယ်လို့ ဆိုပါတယ်။

ကူးစက်မှုတွေဟာ တောင်ကိုရီးယား၊ ဥရောပနိုင်ငံများနဲ့ လက်ဘနွန်နိုင်ငံကဲ့သို့ နေရာတွေမှာ တစ်ကျော့ပြန် မြင့်တက်နေပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တစ်ကမ္ဘာလုံးက ညီညီညွတ်ညွတ်ရှိပြီး ကာကွယ်ဆေးတစ်ခု တွေ့ရှိလာပါက COVID-19 ကပ်ရောဂါဟာ ၂ နှစ်အတွင်း ပြီးဆုံးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဩဂုတ် ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

သို့သော် ဗြိတိန်နိုင်ငံမှ ထိပ်တန်းသိပ္ပံပညာရှင် ဆာဘွဲ့ရ ပါမောက္ခမာ့ခ်ဝေါပို့တ်ကတော့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ဟာ အမြဲတမ်းရှိနေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဗြိတိန်အစိုးရရဲ့ သိပ္ပံဆိုင်ရာအကြံပေးအဖွဲ့ Scientific Advisory Group for Emergencies (Sage) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာမာ့ခ်က လူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံမှန်ကာလရောက်တိုင်း ထိုးနှံဖို့လိုအပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ကလေးများအတွက် mask နဲ့ ပတ်သက်တဲ့ WHO အကြံပြုချက်

WHO က ကလေးများနဲ့ ပတ်သက်ပြီး အသက်အုပ်စု သုံးခုခွဲပြီး လမ်းညွှန်အကြံပြုထားတာ ဖြစ်ပါတယ်။

  • အသက် ၁၂ နှစ်နဲ့အထက် - အရွယ်ရောက်ပြီးသူတွေအတိုင်း mask တပ်သင့်ပါတယ်။ အထူးသဖြင့် ထိုအသက်အရွယ် ကလေးတွေဟာ အခြားသူတွေနဲ့ အနည်းဆုံး ၃ ပေအကွာမှာနေရန် မသေချာတဲ့ အခြေအနေနဲ့ ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ နေရာတွေမှာ mask တပ်ထားသင့်ပါတယ်။
  • အသက် ၆ နှစ်နဲ့ ၁၁ နှစ်ကြား - ထိုအသက်အရွယ် ကလေးတွေ mask တပ်ခြင်းကိုတော့ ကူးစက်မှုများ မည်မျှ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမှုနဲ့ ကလေးဟာ သက်ကြီးရွယ်အိုကဲ့သို့ ကူးစက်မှုအန္တရာယ်မြင့်မားသူတွေတွေနဲ့ ထိတွေ့နေမှုရှိ မရှိတို့ကို ထည့်သွင်းစဥ်စားရန် WHO က အကြုံပြုထားပါတယ်။ ထို့အတူ ကလေးများ ဘေးကင်းစွာဖြင့် mask တပ်ရန်၊ ချွတ်ရန် အရွယ်ရောက်ပြီးသူတွေက ကြီးကြပ်ကူညီမှု လိုအပ်ကြောင်း WHO က အလေးထား ပြောခဲ့ပါတယ်။
  • အသက် ၅ နှစ်နဲ့ ၅ နှစ်အောက် - ထိုကလေးတွေကတော့ ပုံမှန်အခြေအနေမှာ mask မတပ်သင့်ဘူးလို့ WHO က ဆိုပါတယ်။

Source: Reuters, BBC, WHO, Photo: AP, Reuters

Share

Loading Next Article...
က္က