စပိန်တုပ်ကွေး ဖြစ်ပွားမှုလောက်အထိ ကြာမြင့်မှာမဟုတ်ကြောင်း WHO အကြီးအကဲက ဆိုပါတယ်။

တစ်ကမ္ဘာလုံးက ညီညီညွတ်ညွတ်ရှိပြီး ကာကွယ်ဆေးတစ်ခု တွေ့ရှိလာပါက COVID-19 ကပ်ရောဂါဟာ ၂ နှစ်အတွင်း ပြီးဆုံးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

၁၉၁၈ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားခဲ့ဖူးတဲ့ စပိန်တုပ်ကွေးရောဂါဟာ ၂ နှစ်ကျော်အကြာမှာ ပြီးဆုံးသွားခဲ့ပြီး COVID-19 ဟာ ထိုမျှလောက်အထိ ကြာမြင့်မှာမဟုတ်ဘူးလို့ Tedros က ဆိုပါတယ်။ စပိန်တုပ်ကွေးရောဂါဟာ ၁၉၁၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်ကူးစက်ဖြစ်ပွားခဲ့ပြီး ၁၉၂၀ ခုနှစ် ဧပြီလမှာ ပြီးဆုံးခဲ့ပါတယ်။



"ကျွန်တော်တို့ရဲ့ အခုအခြေအနေက နည်းပညာတွေ ပိုအားကောင်းလာပြီ၊ ဆက်နွယ်မှုတွေ ပိုများလာတာလည်း သေချာတာပေါ့၊ ဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့နိုင်တဲ့ အခွင့်အရေးပိုကောင်းလာတယ်၊ မြန်မြန်ရွေ့လျားသွားနိုင်တယ်၊ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မှာ ဗိုင်းရပ်ကိုရပ်တန့်ဖို့ နည်းပညာနဲ့ အသိပညာ ရှိထားတယ်" လို့ WHO အကြီးအကဲက ပြောပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ရှစ်လအတွင်း ကမ္ဘာ့လူဦးရေ ၂၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီး COVID-19 ကြောင့် သေဆုံးသူဦးရေကလည်း ကမ္ဘာတစ်ဝန်း ၇၉၉,၀၀၀ ကျော်ရှိလာခဲ့ပြီး ပြန်လည်သက်သာလာသူ ၁၅.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။ စပိန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့စဥ်က ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း ၅၀၀ ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၁၇ သန်းမှ သန်း ၅၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

(Photo: Reuters)

WHO က COVID-19 ကပ်ရောဂါဟာ ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း ဩဂုတ် ၁ ရက်နေ့မှာ သတိပေးထားခဲ့ပါတယ်။ "WHO အနေနဲ့ COVID-19 ရဲ့ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ကို အလွန်မြင့်မားတဲ့အဆင့်အဖြစ် ဆက်လက် သတ်မှတ်ပါတယ်၊ ကော်မတီက COVID-19 ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ကြောင်း ခန့်မှန်ထားမှုကို အလေးပေး ပြောခဲ့ပါတယ်၊ လူမှုအသိုင်းအဝိုင်းအလိုက်၊ နိုင်ငံအလိုက်၊ နယ်မြေဒေသအလိုက်နဲ့ ကမ္ဘာတစ်ဝန်း တုံ့ပြန်ဆောင်ရွက်မှုတွေ ဆက်ထိန်းထားဖို့ အရေးကြီးပါတယ်" လို့ ထိုစဥ်က WHO ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: AFP)

ဒါ့အပြင် COVID-19 ဟာ WHO ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်းလည်း Tedros က ဇူလိုင် ၂၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။ mask တပ်ခြင်းမှ လူစုလူဝေး မဖြစ်စေခြင်းအထိ ကျန်းမာရေးစီမံဆောင်ရွက်ချက်တွေကို တိကျစွာ လိုက်နာခြင်းကသာလျှင် COVID-19 ကို တိုက်ဖျက်နိုင်မယ်လို့လည်း WHO အကြီးအကဲ Tedros က ထိုနေ့မှာ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ဖြည့်စွက်ပြောခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က