ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ဇူလိုင် ၈ ရက်နေ့က ကူးစက်ခံရသူ အရေအတွက် ၃ သန်းကျော်လွန်လာခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းဖော်ပြမှုတွေအရ သိရှိရပါတယ်။
(Photo: Getty Images)
အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၃၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေပေမဲ့ အိမ်ဖြူတော်ကတော့ ကျောင်းများအပါအဝင် ပိတ်ပင်ကန့်သတ်ထားမှုတွေကို ပြန်ဖွင့်ပေးမှုအချို့ ရှေ့ဆက်လုပ်ဆောင်ရန် ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
အိမ်ဖြူတော် COVID-19 လုပ်ငန်းအဖွဲ့ကို ဦးဆောင်နေတဲ့ အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က စည်းမျဥ်းစည်းကမ်းတွေ အလွန် မတင်းကျပ်သင့်ကြောင်း ပြောခဲ့ပါတယ်။ ကူးစက်မှုတွေ လတ်တလော မြင့်တက်နေပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း အမေရိကဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ နေရာတစ်ခုမှာ ရှိနေခဲ့ကြောင်း ဇူလိုင် ၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
(Photo: Mario Tama/Getty Images)
အမေရိကန်မှာ အင်္ဂါနေ့ (ဇူလိုင် ၇ ရက်) က ကူးစက်ခံရသူ နောက်ထပ် ၆၀,၀၀၀ တိုးလာခဲ့ပြီး နေ့အလိုက် COVID-19 ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ယခင် နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်မှုကို ဇူလိုင် ၂ ရက်နေ့က တွေ့ခဲ့ရပြီး ကူးစက်ခံရသူ နောက်ထပ် ၅၅,၂၂၀ တိုးလာခဲ့တာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ကူးစက်မှုအသစ် ၁၀,၀၀၀ ကျော်စီ တိုးလာခဲ့ပြီးနောက် ယခုနောက်ဆုံး နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်သစ် ထပ်တင်ခဲ့ပါတယ်။ ထိုအတောအတွင်း ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူနဲ့ COVID-19 အရေးအတွက် အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် ဒေါက်တာ Anthony Fauci က အမေရိကန်ဟာ COVID-19 ပထမလှိုင်းထဲမှာပင် ရှိနေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
(Photo: Lucy Nicholson/Reuters)
အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန (Centers for Disease Control - CDC) ရဲ့ အဆိုအရ အမေရိကန် သန်း ၂၀ အထိဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ကူးစက်ခံရနိုင်ကြောင်းလည်း သိရပါတယ်။ CDC က နိုင်ငံတစ်ဝှမ်း စုဆောင်းရယူခဲ့တဲ့ သွေးနမူနာများကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်မှ ပဋိပစ္စည်းများရှိနေမှုအပေါ် အခြေခံပြီး COVID-19 ကူးစက်ခံရနိုင်သူ အရေအတွက်ကို ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်တက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် အောက်တိုဘာလအရောက် အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ဖြစ်လာနိုင်ကြောင်း၊ သို့မဟုတ် အမေရိကန် ၉၅ ရာခိုင်နှုန်းက mask တပ်ထားပါက သေဆုံးသူအရေအတွက်ဟာ ၁၄၆,၀၀၀ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Source: BBC, Johns Hopkins Universit's COVID-19 Dashboard