စာတိုက်မှတစ်ဆင့် မဲပေးခြင်းက မဲလိမ်မှုနဲ့ မမှန်ကန်တဲ့ မဲရလဒ်တွေ ဖြစ်စေနိုင်တယ်လို့ ထရန့်က ဆိုပါတယ်။

ယခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သမ္မတဒေါ်နယ်ထရန့်က ယနေ့ (ဇူလိုင် ၃၀ ရက်) တိုက်တွန်းပြောကြားလိုက်ပါတယ်။

(Image: @realDonaldTrump/Twitter)

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတရွေးကောက်ပွဲရက်ကို အစဥ်အဆက် ထိန်းသိမ်းလာခဲ့ပေမဲ့ သမ္မတထရန့်က ရွေ့ဆိုင်းရန် ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ သမ္မရွေးကောက်ပွဲ မဲပေးမှုတွေကို စာတိုက်မှတစ်ဆင့် ဆောင်ရွက်ခြင်းက မဲလိမ်မှုနဲ့ မမှန်ကန်တဲ့ မဲရလဒ်တွေ ဖြစ်စေနိုင်ကြောင်း ထရန့်က ထောက်ပြခဲ့ပါတယ်။



"ပြည်သူတွေ သင့်လျော်စွာ၊ လုံခြုံစွာနဲ့ ဘေးကင်းစွာ မဲပေးနိုင်တဲ့အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပါ" လို့ သမ္မတထရန့်က Twitter မှာ ပြောထားပါတယ်။ ထရန့်ရဲ့ ယခုပြောဆိုမှုနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ လက်ရှိအချိန်အထိ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

(Photo: Rich Pedroncelli/AP)

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုဝင်ဘာ ၃ ရက်နေ့မှ ကျင်းပပြုလုပ်ရန် သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို ကွန်ဂရက်လွှတ်တော် (United States Congress) ကသာ ပြောင်းလဲနိုင်တာလည်း ဖြစ်ပါတယ်။ ကွန်ဂရက်ရဲ့ လွှတ်တော်နှစ်ရပ်အနက်မှ ဒီမိုကရက်တစ်တို့ ကြီးစိုးထားတဲ့ အောက်လွှတ်တော် (House of Representatives) က ရွေးကောက်ပွဲရက် ပြောင်းလဲရွှေ့ဆိုင်းမှုကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

ထပ်မံသိရတဲ့ သတင်းအရ ရီပတ်ဘလစ်ကင်တို့ကလည်း သမ္မတထရန့်ရဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းရန် အကြံပြုချက်ကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတထရန့်က ယခင်ကလည်း စာတိုက်မှတစ်ဆင့် မဲပေးမှုကို သံသယရှိခဲ့ပြီး COVID-19 ကပ်ရောဂါ ကာလအတွင်း ထိုသို့ မဲပေးမှုတွေ ပိုများခဲ့ပါတယ်။ စာတိုက်မှတစ်ဆင့် မဲပေးမှုကို အကြံအဖန်လုပ်လိမ့်မယ်လို့ ထရန့်က ပြောဆိုခဲ့ပြီး အကယ်၍ ၎င်းရှုံးနိမ့်ခဲ့ပါက တရားဝင် ရွေးကောက်ပွဲရလဒ်တွေကို လက်ခံလိမ့်မယ်လို့ပြောရန် ငြင်းဆန်ခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို အမေရိကန်မှာ မထိန်းချုပ်နိုင်သေးဘဲ ရီပတ်ဘလစ်ကင်တို့ ဦးဆောင်တဲ့ ဖလော်ရီဒါနဲ့ တက္ကဆက်ကဲ့သို့ ပြည်နယ်တွေမှာ လတ်တလော ကူးစက်မှုများ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄.၅ သန်းကျော်၊ သေဆုံးသူ ၁၅၃,၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၂.၂ သန်းကျော်ဖြစ်ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က