COVID-19 ကာကွယ်ဆေးကို ကြွက်တွေမှာ စမ်းသပ်မှုအရ ဘေးကင်းစိတ်ချရမှု ရလဒ်ကောင်းတွေ့ရပါတယ်။

အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်တွေမှာ စမ်းသပ်မှုအရ ဘေးကင်းစိတ်ချရမှု ရလဒ်ကောင်းတွေ့ရတယ်လို့ ဆိုပါတယ်။

(Photo: Moderna)

Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်တွေမှာ ဆက်တိုက် စမ်းသပ်လေ့လာခဲ့ရာ ဘေးကင်းစိတ်ချရပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးခြင်းက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို ကာကွယ်နိုင်ကြောင်း ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ပဏာမ အချက်အလက်အရ သိရှိရပါတယ်။



ယခင်က SARS ရောဂါကာကွယ်ဆေးတစ်မျိုးကို လေ့လာခဲ့မှုအရ ကာကွယ်ဆေး ထိုးထားခဲ့သူတစ်ဦးဟာ နောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါပိုမိုပြင်းထန်စေတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်ရှိနိုင်ပြီး အထူးသဖြင့် အားကောင်းတဲ့ ကိုယ်ခံအားစနစ် တုံ့ပြန်မှုမရှိသူတွေမှာ ထိုသို့ဖြစ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။


(Photo: TIME)

သိပ္ပံပညာရှင်တွေက SARS နဲ့ နီးစပ်တဲ့ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရာမှာလည်း အဆိုပါ အန္တရာယ်ရှိနိုင်မှုကို အခက်အခဲတစ်ခုအဖြစ် ရှုမြင်ထားပြီး စမ်းသပ်လေ့လာမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ Moderna ရဲ့ COVID-19 ကာကွယ်ဆေးကို ကြွက်တွေမှာ စမ်းသပ်လေ့လာကြည့်ရာမှာတော့ ထိုသို့ ဘေးအန္တရာယ်မျိုး မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

စမ်းသပ်လေ့လာမှု အချက်အလက်တွေကို အမေရိကန် National Institutes of Allergy and Infectious Disease (NIAID) နဲ့ Moderna တို့က ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံ မဟုတ်သေးကြောင်း သိရပါတယ်။ "ဒါက စမ်းသပ်လေ့လာမှု ပဏာမ အချက်အလက်တွေပါပဲ" လို့ အမေရိကန်အခြေစိုက် Mayo Clinic ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းမှ ကိုယ်ခံအားစနစ်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ ကာကွယ်ဆေးသုတေသီ ဒေါက်တာ Gregory Poland က ပြောပါတယ်။

(Photo: Getty Images)

ယခု ထုတ်ပြန်ထားတဲ့ အချက်အလက်တွေဟာ မပြည့်စုံသေးဘဲ စနစ်တကျမဟုတ်ဘဲ တိရိစ္ဆာန်အရေအတွက် အနည်းငယ်မှာ စမ်းသပ်လေ့လာခဲ့တာ ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ ကျန်းမာပြီး မိမိတို့သဘောဆန္ဒအရ ပါဝင်စမ်းသပ်ခံသူတွေမှာ စမ်းသပ်နေတဲ့ စမ်းသပ်မှု အလယ်အဆင့်မှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

လာမယ့် ဇူလိုင်လအတွင်းမှာ နောက်ဆုံးအဆင့် လူတွေမှာ စမ်းသပ်မှုအဖြစ် လူဦးရေ ၃၀,၀၀၀ ကို ကာကွယ်ဆေးထိုးနှံ စမ်းသပ်သွားရန် စီစဥ်ထားကြောင်း Moderna က ဇွန် ၁၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို စမ်းသပ်ရန်အတွက် ယခုနှစ် အစောပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


(Photo: AP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ ယ‌နေ့ (ဇွန် ၁၃ ရက်) မွန်းလွဲပိုင်းအထိ ကိန်းဂဏန်းအချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ ၇.၇ သန်းကျော်၊ သေဆုံးသူ ၄၂၈,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၃.၉ သန်းကျော်ရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က