ဓလေ့ထုံးတမ်း အစဉ်အလာ ယဉ်ကျေးမှုတို့နဲ့ ကွဲလွဲတဲ့လုပ်ဆောင်မှုလို့ ဘုရင်ကပြောပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက အစ်မတော်ဖြစ်သူ တော်ဝင်မင်းသမီး ဥဘောလ်ရတနာ ရာဇကညာအနေနဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုဟာ မသင့်လျော်ကြောင်းနဲ့ အခြေခံဥပဒေနဲ့မကိုက်ညီကြောင်း ပြောခဲ့တယ်လို့ နန်းတော်ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

(မင်းသမီးရာဇကညာ၊ ထိုင်းဘုရင်ဗာဂျီယာလောင်ကွန်း၊ မင်းသမီးသီရိဒုံနဲ့ မင်းသမီး ချူလက်ဘ်ဟွန်း) (Photo: EPA)

တော်ဝင်မင်းသမီး ရာဇကညာက ဝန်ကြီးချုပ်ရာထူးအတွက် လာမယ့် မတ်လ ၂၄ ရက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းကြောင်း ဖေဖေါ်ဝါရီ ၈ ရက် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ မင်းသမီးရာဇကညာကို ဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုင်ငံရေးအုပ်စုနဲ့ ဆက်နွယ်တဲ့ Thai Raksa Chart ပါတီရဲ့ ကိုယ်စားလောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။



ယခုကဲ့သို့ တော်ဝင်မိသားစုဝင်တစ်ဦးက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ မကြုံစဖူး အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ တော်ဝင်မင်းသမီးက လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ယှဉ်ပြိုင်ရွေးကောက်ခံသွားမှာလည်း ဖြစ်ပါတယ်။

(ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း) (Photo: Reuters)

၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကလည်း ရွေးကောက်ပွဲဝင်ရန် ယမန်နေ့မှာပင် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၈ ရက်ည နှောင်းပိုင်းအချိန် နန်းတော်ရဲ့ထုတ်ပြန်ချက်အရ တော်ဝင်မင်းသမီး ရာဇကညာ ရွေးကောက်ပွဲဝင်မယ့်ကိစ္စကို ဘုရင်ဗာဂျီယာလောင်ကွန်းက ကျေနပ်မှုမရှိကြောင်း ထင်ရှားစေခဲ့ပါတယ်။

'ဘုရင်နဲ့ တော်ဝင်မိသားစုဟာ နိုင်ငံရေးရဲ့အထက် အဆင့်အတန်းတစ်ခုမှာ ရပ်တည်ကြောင်း နန်းတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အဆိုပါ ထုတ်ပြန်ချက်ကို ရုပ်မြင်သံကြားဌာနတွေကလည်း ထုတ်လွှင့်ခဲ့ကြကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်မည့် မင်းသမီးရာဇကညာ) (Photo: AFP)

"တော်ဝင်မိသားစုရဲ့ အရေးပါတဲ့ မိသားစုဝင်တစ်ယောက်က မည်သည့်နည်းဖြင့်မဆို နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုဟာ နိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုတို့နဲ့ ကွဲလွဲတဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်တာကြောင့် အလွန့်အလွန် မသင့်လျော်ဘူးလို့ ထင်မြင်ယူဆရတယ်" လို့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက ပြောပါတယ်။ 

အသက် ၆၇ နှစ်အရွယ် တော်ဝင်မင်းသမီး ရာဇကညာကွယ်လွန်သူ ထိုင်းဘုရင်ဘူမီဘောနဲ့ မိဖုရားသီရိခေတ်တို့ရဲ့ သားသမီးများအနက် အကြီးဆုံးဖြစ်ပြီး ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ရာဇကညာမှာ မွေးချင်းသုံးဦးရှိပြီး ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း၊ တောင်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံနဲ့ တော်ဝင်မင်းသမီး ချူလက်ဘ်ဟွန်းတို့ ဖြစ်ကြပါတယ်။

(လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ) (Photo: Getty Images)

သူမက အမေရိကန်နိုင်ငံ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါတယ်။ ထို့နောက် လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မာစတာဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ မင်းသမီးရာရာဇကညာက မင်းမျိုးမင်းနွယ်မဟုတ်တဲ့ အမေရိကန်လူမျိုး ပီတာလက်ဒ်ဂျန်ဆန်ကို လက်ထပ်ခဲ့တာကြောင့် သူမရဲ့ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။

ရာဇကညာတို့ ဇနီးမောင်နှံမှာ ကလေးသုံးဦးရှိပြီး ၁၉၉၈ ခုနှစ်မှာ ကွာရှင်ပြတ်စဲခြင်းမပြုမီအထိ အမေရိကန်မှာ နေထိုင်ခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာတော့ တော်ဝင်မင်းသမီး ရာဇကညာက ထိုင်းနိုင်ငံမှာ ပြန်လည်အခြေချ နေထိုင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေတွေအရ တော်ဝင်မင်းသမီး ရာဇကညာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းရှိ မရှိ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

-နောက်ဆက်တွဲသတင်း

Share

Loading Next Article...
က္က