သက်ဆိုင်ရာပါတီက ဘုရင်ရဲ့မိန်ကြားမှုအတိုင်း လိုက်နာသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ တော်ဝင်မင်းသမီး ဥဘောလ်ရတနာ ရာဇကညာကို ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ နိုင်ငံရေးပါတီက ဘုရင်ဗာဂျီယာလောင်ကွန်းထံမှ မိန့်ကြားမှုကို လိုက်နာသွားမယ်လို့ ယနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

(တော်ဝင်မင်းသမီး ရာဇကညာ) (Photo: AFP)

Thai Raksa Chart ပါတီက တော်ဝင်မင်းသမီး ရာဇကညာကို ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမှုကို ပိတ်ပင်နေတဲ့ ဘုရင်ရဲ့မိန်ကြားမှုအတိုင်း လိုက်နာသွားမယ်လို့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ဆက်နွယ်နေတဲ့ အဆိုပါ ပါတီက မင်းသမီးရာဇကညာကို ယမန်နေ့ (ဖေဖေါ်ဝါရီ ၈ ရက်) မှာ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပါတယ်။



ထိုနေ့ည နှောင်းပိုင်းမှာပင် ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက အစ်မတော်ဖြစ်သူ ရွေးကောက်ပွဲဝင်ရန် လုပ်ဆောင်မှုဟာ မသင့်လျော်ကြောင်း၊ အခြေခံဥပဒေနဲ့မကိုက်ညီကြောင်း ပြောခဲ့တယ်လို့ နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

(ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း) (Photo: IC)

'ဘုရင်နဲ့ တော်ဝင်မိသားစုဟာ နိုင်ငံရေးရဲ့အထက် အဆင့်အတန်းတစ်ခုမှာ ရပ်တည်ကြောင်း နန်းတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အဆိုပါ ထုတ်ပြန်ချက်ကို ရုပ်မြင်သံကြားဌာနတွေကလည်း ထုတ်လွှင့်ခဲ့ကြကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

"တော်ဝင်မိသားစုရဲ့ အရေးပါတဲ့ မိသားစုဝင်တစ်ယောက်က မည်သည့်နည်းဖြင့်မဆို နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုဟာ နိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုတို့နဲ့ ကွဲလွဲတဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်တာကြောင့် အလွန့်အလွန် မသင့်လျော်ဘူးလို့ ထင်မြင်ယူဆရတယ်" လို့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက ပြောပါတယ်။ ထိုင်းဘုရင်က မင်းသမီးရာဇကညာကို တိုက်ရိုက်ဝေဖန် ပြောဆိုမှုထက် သူမကို နိုင်ငံရေးနယ်ပယ်သို့ ခေါ်ဆောင်ခဲ့တဲ့ ပါတီဝင်တွေကို အဓိက အပြစ်

(Thai Raksa Chart ပါတီ ခေါင်းဆောင်နဲ့အမှုဆောင်များ) (Photo: The Nation)

"Thai Raksa Chart ပါတီက ဘုရင်နဲ့ တော်ဝင်မိသားစုဝင် အားလုံးကို သစ္စာခံမှုနဲ့အတူ တော်ဝင်မိန့်ကြားချက်ကို လိုက်နာပါတယ်" လို့ ပါတီရဲ့ထုတ်ပြန်ချက်မှာ ပြောထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ယခု အခြေအနေအရ တော်ဝင်မင်းသမီး ရာဇကညာက ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်မယ့် အခြေအနေဟာ မှေးမှိန်ပျက်ပြယ်သွားပြီလို့လည်း ယူဆရပါတယ်။ 

အသက် ၆၇ နှစ်အရွယ် တော်ဝင်မင်းသမီး ရာဇကညာဟာ ကွယ်လွန်သူ ထိုင်းဘုရင်ဘူမီဘောနဲ့ မိဖုရားသီရိခေတ်တို့ရဲ့ သားသမီးများအနက် အကြီးဆုံးဖြစ်ပြီး ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ရာဇကညာမှာ မွေးချင်းသုံးဦးရှိပြီး ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း၊ တောင်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံနဲ့ တော်ဝင်မင်းသမီး ချူလက်ဘ်ဟွန်းတို့ ဖြစ်ကြပါတယ်။

(လက်ရှိ ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Reuters)

သူမက အမေရိကန်နိုင်ငံ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါတယ်။ ထို့နောက် လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မာစတာဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ မင်းသမီးရာရာဇကညာက မင်းမျိုးမင်းနွယ်မဟုတ်တဲ့ အမေရိကန်လူမျိုး ပီတာလက်ဒ်ဂျန်ဆန်ကို လက်ထပ်ခဲ့တာကြောင့် သူမရဲ့ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။

ရာဇကညာတို့ ဇနီးမောင်နှံမှာ ကလေးသုံးဦးရှိပြီး ၁၉၉၈ ခုနှစ်မှာ ကွာရှင်ပြတ်စဲခြင်းမပြုမီအထိ အမေရိကန်မှာ နေထိုင်ခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာတော့ တော်ဝင်မင်းသမီး ရာဇကညာက ထိုင်းနိုင်ငံမှာ ပြန်လည်အခြေချ နေထိုင်ခဲ့ကြောင်း သိရပါတယ်။

(ထိုင်းဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် သက်ဆင်နဲ့ယင်လတ် မောင်နှမ) (Photo: Getty Images)

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်းယင်လတ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။ စစ်တပ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ကလည်း ရွေးကောက်ပွဲဝင်ရန် ယမန်နေ့မှာပင် အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရတဲ့ ယင်လတ်ဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ညီမဖြစ်ပြီး လက်ရှိမှာ ၎င်းတို့နှစ်ဦးလုံးက ထိုင်းနိုင်ငံမှာ ဥပဒေအရ တရားစွဲဆိုမှုကို ရှောင်လွှဲနိုင်ရန် ပြည်ပြေးများအဖြစ် နိုင်ငံရပ်ခြားမှာ နေထိုင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က