နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ရာ ပါဝင်စမ်းသပ်ခံသူတွေ နေမကောင်းဖြစ်လာခဲ့ပါတယ်။

အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်မှုများအတွင်း ပါဝင်စမ်းသပ်ခံသူတွေထံမှာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ နာမကျန်းဖြစ်မှု ဘေးထွက်ဆိုးကျိုးရှိလာခဲ့ပြီးနောက် စမ်းသပ်မှုရပ်ဆိုင်းထားလိုက်ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၈ ရက်နေ့မှာ အတည်ပြု ပြောကြားပါတယ်။

(Photo: Reuters)

အောက်စ်ဖို့နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးဟာ အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေးတစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းက စမ်းသပ်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထိုကာကွယ်ဆေးကို ပထမအဆင့်နဲ့ ဒုတိယအဆင့် (phase 1 and 2) စမ်းသပ်မှုတွေမှာ အောင်မြင်ရှိခဲ့ရာ ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးအဖြစ် ဈေးကွက်ကို ရောက်ရှိလာမယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်နေခဲ့ပါတယ်။



"ကျွန်မတို့ရဲ့ သုံးသပ်မှုအရ ကာကွယ်ဆေးစမ်းသပ်မှုကို ရပ်ဆိုင်းထားပြီး လွတ်လပ်တဲ့ ကော်မတီတစ်ရပ်က ဘေးအန္တရာယ်ကင်းမှုကို ပြန်လည်သုံးသပ်သွားမှာပါ" လို့ AstraZeneca ပြောခွင့်ရအမျိုးသမီး Michele Meixell က အီးမေးလ်ဖြင့် ထုတ်ပြန်ချက်မှာ‌ ပြောထားပါတယ်။

(Photo: Reuters)

အောက်စ်ဖို့နဲ့ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ အပါအဝင် နေရာတွေမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ရာ ပါဝင်စမ်းသပ်ခံသူတွေ နေမကောင်းဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ဘေးထွက်ဆိုးကျိုးဖြစ်မှု အကြောင်းရင်းနဲ့ မည်သည့်အချိန်မှာ ဖြစ်ပေါ်ခဲ့ကြောင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

သို့သော် ကာကွယ်ဆေး စမ်းသပ်ခံပြီး နေမကောင်းဖြစ်ခဲ့သူတွေဟာ ပြန်လည်သက်သာကောင်းမွန်လာမယ်လို့ ခန့်မှန်းထားကြောင်း Stat News က ပြောပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှုတွေ ရပ်ဆိုင်းရခြင်းဟာ AstraZeneca ရဲ့ အခြား ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ အခြား ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက လုပ်ဆောင်နေတဲ့ စမ်းသပ်မှုတွေအပေါ် သက်ရောက်မှုရှိခဲ့ကြောင်းလည်း Stat News က ဆိုပါတယ်။

(Photo: AP)

COVID-19 ကာကွယ်ဆေးစမ်းသပ်မှုကို ဘေးထွက်ဆိုးကျိုးရှိလာတာကြောင့် ရပ်ဆိုင်းခြင်းနဲ့ ပတ်သက်ပြီး AstraZeneca ကို စမ်းသပ်မှုလုပ်ရန် ငွေကြေးထောက်ပံ့ပေးထားတဲ့ အမေရိကန် National Institutes of Health ကတော့ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်ရန် AstraZeneca, Pfizer, GlaxoSmithKline, Johnson & Johnson, Merck & Co, Moderna, Novavax, Sanofi, BioNTech အစရှိတဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး မတူညီတဲ့ စမ်းသပ်မှုအဆင့်တွေကို လုပ်ဆောင်နေခဲ့ကြကြောင်း သိရပါတယ်။

(Photo: Business-Standard)

လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါကို ကုသရန်နဲ့ ကာကွယ်ရန်အတွက် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကာ ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်တဲ့ ကုထုံးတစ်ရပ်နဲ့ ကာကွယ်ဆေးတစ်ခုခု မရှိသေးပါဘူး။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ ၂၇ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၉၀၀,၀၀၀ ကျော်ရှိခဲ့ကာ ကူးစက်ခံရသူ ၁၉.၈ သန်းက‌တော့ ပြန်လည်သက်သာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က