၎င်းလက်ထပ်ချင်တဲ့ အမျိုးသမီးရဲ့ခင်ပွန်းကို အချစ်ပြိုင်ဘက်အဖြစ် ရှုမြင်ကာ လူငှားရမ်းပြီးသတ်ခဲ့ပါတယ်။

အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို တတိယမြောက်ဇနီးအဖြစ် လက်ထပ်ရန်ရည်ရွယ်ခဲ့ပြီးနောက် ထိုအမျိုးသမီးရဲ့ ခင်ပွန်းကို အချစ်ပြိုင်ဘက်အဖြစ် ရှုမြင်ကာ လူငှားရမ်းပြီးသတ်ခဲ့မှုဖြင့် ေထာင်ဒဏ်တစ်သက် ချမှတ်ခံရတဲ့ အိန္ဒိယစားသောက်ဆိုင်ပိုင်ရှင် သူဌေးကြီး ပီရာဂျာဂိုပယ်လ်ဟာ နှလုံးရောဂါကြောင့် သေဆုံးသွားကြောင်း သိရပါတယ်။

(Photo: India Today)

ကမ္ဘာတစ်ဝှမ်း ဆိုင်ခွဲများဖွင့်လှစ်ထားတဲ့ Sarvana Bhavan အိန္ဒိယစားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် အသက် ၇၁ နှစ်အရွယ် သူဌေးကြီးဂိုပယ်လ်ဟာ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်ခံရမှုကို အဆင့်ဆင့် အယူခံဝင်ခဲ့မှု မအောင်မြင်ခဲ့ပြီးနောက် ဇူလိုင် ၉ ရက်မှာ တရားရုံးသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး တရားရုံးက ထောင်ဒဏ်စတင်ကျခံရန် အမိန့်ချခဲ့ပါတယ်။



ဂိုပယ်လ်ဟာ ထိုနေ့မှာပင် အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့ရှိ ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ ဂိုပယ်လ်က တတိမြောက်ဇနီးအဖြစ် လက်ထပ်ရန်စီစဉ်ခဲ့တဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဟာ ၎င်းရဲ့စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပါတယ်။

(Photo: AFP)

ဗေဒင်ဆရာရဲ့ အကြံပေးမှုအရ အသက် ၂၀ ကျော်အရွယ် အဆိုပါ အမျိုးသမီးကိုလက်ထပ်ရန် ဂိုပယ်လ်က ချဉ်းကပ်စီစဉ်ခဲ့ပေမဲ့ သူမက ငြင်းဆန်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဂိုပယ်လ်က အမျိုးသမီးကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ အောက်လမ်းနည်းများပင် အသုံးပြုခဲ့ပါတယ်။

သို့သော် ထိုသို့ လုပ်ဆောင်မှုတွေနဲ့လည်း မအောင်မြင်ခဲ့ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင် ဂိုပယ်လ်က သေနတ်သမားတစ်ဦး ငှားရမ်းကာ အမျိုးသမီးရဲ့ခင်ပွန်းကို သတ်ပစ်ရန် စီစဉ်ခဲ့ပါတယ်။ ပထမတစ်ကြိမ် သတ်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူအလောင်းကို တမီလ်နာဒူးပြည်နယ် တောအုပ်တစ်ခုထဲမှာ တွေ့ခဲ့ကြရပါတယ်။

(Photo: Arun Sankar/AFP)

ထိုလူသတ်မှုအတွက် ဂိုပယ်လ်ကို ၂၀၀၄ ခုနှစ်အတွင်း တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဂိုပယ်လ်က ထောင်ဒဏ် ၁၀ နှစ်ကို အယူခံဝင်ချိန်မှာ တရားရုံးက ပြစ်ဒဏ်ကို တိုးမြှင့်ခဲ့ပြီး ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဂိုပယ်လ်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကို အိန္ဒိယတရားရုံးချုပ်ကလည်း ယခုနှစ် မတ်လအတွင်း အတည်ပြုခဲ့ကြောင်း သိရပါတယ်။

အသက် ၇၁ နှစ်အရွယ် ပီရာဂျာဂိုပယ်လ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကို စတင်ကျခံရမှာ ဖြစ်ပေမဲ့ ကျန်းမာရေးအကြောင်းပြချက်ဖြင့် နောက်ဆုံး အယူခံဝင်ခဲ့ပါတယ်။ ထိုအယူခံကို နယူးဒေလီမြို့ရှိ တရားရုံးချုပ်က ဇူလိုင် ၈ ရက်နေ့မှာ ပယ်ချခဲ့ပြီးနောက် တရားသူကြီးတွေက စားသောက်ဆိုင်ပိုင်ရှင် သူဌေးကြီးကို ချက်ချင်း လာရောက်အဖမ်းခံရန် အမိန့်ထုတ်ပြန် ညွန်ကြားလိုက်တာ ဖြစ်ပါတယ်။

(Photo: India Today)

ထို့နောက်မှာတော့ ဂိုပယ်လ်က ၎င်းရဲ့ဇာတိ အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့ရှိ မက်ဒရက်စ်တရားရုံးမှာ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပါတယ်။ ဂိုပယ်လ်က တရားရုံးသို့ အရေးပေါ် လူနာတင်ကားဖြင့် ရောက်ရှိလာခဲ့ပြီး အောက်စီဂျင်မျက်နှာဖုံး တပ်ဆင်ထားတာ တွေ့ရတယ်လို့ AFP သတင်းက ပြောပါတယ်။

ပီရာဂျာဂိုပယ်လ် အမည်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင် သူဌေးကြီးဟာ အလွန်ဆင်းရဲတဲ့ဘဝမှ ချမ်းသာကြွယ်ဝလာခဲ့ပြီး Saraana Bhavan အမည်ဖြင့် အိန္ဒိယစားသောက်ဆိုင် ၈၀ ကျော်ကို အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။

(Photo: India Today)

Saraana Bhavan စားသောက်ဆိုင်တွေကို လန်ဒန် Leicese Square၊ နယူးယော့ခ် Lexington Aenue၊ စင်ကာပူ၊ ဆစ်ဒနီ၊ စတော့ဟုမ်း အစရှိတဲ့ ကမ္ဘာ့မြို့ကြီးတွေမှာ ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။ အိန္ဒိယတောင်ပိုင်းလက်ရာ ဟင်းလျာတို့ဖြင့် ကျော်ကြားခဲ့တဲ့ စားသောက်ဆိုင်လုပ်ငန်းကို တည်ထောင်နိုင်ခဲ့တဲ့ ဂိုပယ်လ်ရဲ့ ဘဝဟာ ၎င်းလက်အောက်မှ ဝန်ထမ်းတစ်ဦးရဲ့ သမီးဖြစ်သူကို လက်ထပ်ယူရန် စီစဉ်ခဲ့ရာမှ အစပြုပြီး ကမောက်ကမ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Source: AFP, BBC



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က