ယခုနှစ်ရာသီ ပစိဖိတ်သမုဒ္ဒရာအတွင်း ပထမဆုံးမုန်တိုင်းဖြစ်ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အယ်လ်ဆာဗေဒိုနဲ့ ဂွာတီမာလာ နိုင်ငံတွေကို အပူပိုင်းမုန်တိုင်း အမန်ဒါ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကျွန်တော်တို့ မကြုံစဖူး အခြေအနေကို ကြုံနေရတာပါ


(Photo: Newsflare)

အပူပိုင်းမုန်တိုင်း အမန်ဒါ (Tropical Storm Amanda) ဟာ ယခုနှစ်ရာသီမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပထမဆုံး မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အမန်ဒါက အယ်လ်ဆာဗေဒိုနဲ့ ဂွာတီမာလာတို့ကို ယမန်‌နေ့ (မေ ၃၁ ရက်) မှာ ဝင်ရောက်တိုက်ခတ်သွားခဲ့ပြီး ရေကြီးမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ အထိရှိနိုင်ပြီး အယ်လ်ဆာဗေဒို၊ ဂွာတီမာလာတောင်ပိုင်း၊ ဟွန်ဒူးရပ်စ်အနောက်ပိုင်းနနဲ့ မက္ကစီကိုရှိ Tabasco နဲ့ Veracurz ပြည်နယ်တွေမှာ မိုးရေချိန် ၁၀ လက်မ၊ ၁၅ လက်မအထိ ရွာသွန်းနိုင်ကြောင်း အမေရိကန် National Hurricane Center (NHC) က ခန့်မှန်းထားခဲ့ပါတယ်။

(Photo: AFP)

အမန်ဒါမုန်တိုင်း တိုက်ခတ်ပြီးနောက် အယ်လ်ဆာဗေဒိုသမ္မတ Nayib Bukele က ၁၅ ရက်ကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။ မုန်တိုင်းဟာ ဂွာတီမာလာကို ဆက်လက်ရွေ့လျားသွားစဥ် အားလျော့သွားခဲ့တယ်လို့ ဆိုပါတယ်။ အမန်ဒါမုန်တိုင်းကြောင့် သေဆုံးမှုအားလုံးဟာ အယ်လ်ဆာဗေဒိုမှာ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့ အကြီးတန်းအရာရှိ Carolina Recino က ပြောပါတယ်။

မုန်တိုင်းတိုက်မှုအတွင်း လူတစ်ဦး ပျောက်ဆုံးနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး အယ်လ်ဆာဗေဒိုမြို့တော် စန်ဆယ်လ်ဗာဒိုမြို့မှာ နေအိမ်အလုံး ၅၀ ပျက်စီးခဲ့ကြောင်းနဲ့ ကားအစီးရေ ၂၃ စီး မြေကျွံကျမှုအတွင်း ပါသွားခဲ့ကြောင်း မြို့တော်ဝန် Ernesto Muyshondt က ပြောပါတယ်။

ကျွန်တော်တို့ အားလုံး ဆုံးရှုံးသွားခဲ့တယ်၊ နေစရာကို မရှိတော့ဘူး

(Photo: AFP)

"ကျွန်တော်တို့ မကြုံစဖူး အခြေအနေကို ကြုံနေရတာပါ၊ ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေတစ်ခု ဖြစ်နေတုန်းမှာ နောက်ထပ်တစ်ခု ထပ်ဖြစ်တာပါပဲ" လို့ ၎င်းက COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုဖြစ်နေတဲ့ နေရာအချို့မှာ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ စစ်သားများကလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ အားလုံး ဆုံးရှုံးသွားခဲ့တယ်၊ နေစရာကို မရှိတော့ဘူး" လို့ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ စန်ဆယ်လ်ဗာဒိုမြို့တောင်ပိုင်းရှိ ဒေသခံတစ်ဦးဖြစ်သူ Isidro Gomez က ပြောပါတယ်။ မြစ်ကမ်းဘေးအနီး တည်ရှိနေခဲ့တဲ့ ၎င်းရဲ့နေအိမ်ဟာ မြစ်ရေလျှံတက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

မုန်တိုင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုကျမှုတွေ ဖြစ်နိုင်ခြေများပြီး ကျောက်တုံးနဲ့ အမှိုက်သရိုက်တွေကြောင့် အဆောက်အအုံများ ပျက်စီးမှုနဲ့ လူများ ထိခိုက်ဒဏ်ရာမှု သို့မဟုတ် သေဆုံးမှုတို့ ဖြစ်နိုင်ကြောင်း အယ်လ်ဆာဗေဒို ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ အချက်အလက်တွေအရ အယ်လ်ဆာဗေဒိုရဲ့ လူဦးရေ ၆.၆ သန်းမှာ ၉၀ ရာခိုင်နှုန်းနီးပါးက ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးနိုင်တဲ့ နေရာတွေမှာ နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဂွာတီမာလာမှာ မြစ်ရေလျှံတက်မှုများ၊ မြေပြိုကျမှုများနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်

(Photo: AP)

အမန်ဒါမုန်တိုင်းကြောင့် အယ်လ်ဆာဗေဒိုနဲ့ အိမ်နီးချင်း ဂွာတာမာလာနိုင်ငံမှာလည်း အနည်းဆုံး မြေပြိုမှုငါးခုနဲ့ ရေကြီးမှုတွေကြောင့် လမ်းများပိတ်ဆို့သွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အမန်ဒါမုန်တိုင်းဟာ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီဖြစ်ပေမဲ့ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး မြစ်ရေလျှံတက်မှုများ၊ မြေပြိုကျမှုများနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဂွာတီမာလာ အာဏာပိုင်တွေက သတိပေးထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က