အဆောက်အအုံများ ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Ko John

အယ်လ်ဘေးနီးယားနိုင်ငံမှာ ရစ်ချ်တာစကေး ၆.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရမှု၊ အဆောက်အအုံ ပြိုကျမှုနဲ့ အပျက်အစီးများအောက်မှာ လူများပိတ်မိမှုတို့ ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) မနက်အစောပိုင်းက အယ်ဘေးနီးနားမြို့တော် တီရာနာမြို့ရဲ့ အနောက်မြောက်ဘက် ၂၁ မိုင်အကွာမှာ ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်မှုအတွင်း ကြောက်လန့်တကြားဖြင့် ပြတင်းပေါက်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားတစ်ဦး အပါအဝင် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AP သတင်းက ဖော်ပြထားပါတယ်။ "သေဆုံးဒဏ်ရာရသူတွေရှိပါတယ်၊ ငလျင်ဒဏ်သင့်ဒေသမှာ ကျွန်တော်တို့ လုပ်နိုင်တာအားလုံးကို လုပ်ဆောင်နေပါတယ်" လို့ အယ်ဘေးနီးယားဝန်ကြီးချုပ် Edi Rama က Twitter မှာ ပြောထားပါတယ်။ (Photo: AP)

အယ်လ်ဘေးနီးယား အစိုးရသတင်းဌာနက ဖော်ပြမှုအရ ငလျင်လှုပ်မှုအတွင်း မြို့တော် တီရာနာနဲ့ ကမ်းရိုးတန်းမြို့ ဒါရက်စ်တို့မှာ လူ ၃၀၀ ကျော် အပါအဝင် ဒဏ်ရာရခဲ့သူ ၆၅၀ ကို ဆေးရုံတွေမှာ ကုသပေးခဲ့ကြောင်း သိရပါတယ်။ ရစ်ချ်တာစကေး ၆.၄ ရှိ ငလျင်လှုပ်အပြီးမှာလည်း ရစ်ချ်တာစကေး ၅.၃ အဆင့်ရှိ ငလျင်တစ်ခု အပါအဝင် နောက်ဆက်တွဲ ငလျင်အများအပြား လှုပ်ခတ်ခဲ့ကြောင်း European-Mediterranean Seismological Centre (EMSC) က ပြောပါတယ်။

(Photo: Reuters)

အယ်လ်ဘေးနီးယားမှာ ငလျင်လှုပ်ပြီး နာရီပိုင်းအကြာမှာ ဘောစနီးယားမှာလည်း ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု သတင်းတွေ မကြားသိရဘူးလို့ ဆိုပါတယ်။ ထို့အတူ မြန်မာနိုင်ငံမှာလည်း နာရီပိုင်းအတွင်း နေပြည်တော်အနီးကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၈ နဲ့ ၅.၇ အဆင့်ရှိ ငလျင်နှစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။




က္က