ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းတွေကြား အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 နဲ့ ပတ်သက်ပြီး ငှက်ဖျားဆေးအသုံးပြုခြင်းဟာ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အဖွဲ့အစည်းတွေကြား အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်လာနေပါတယ်။

ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်စေမှုအပေါ် အမြင်အယူအဆ ကွဲလွဲမှုတွေရှိနေပါတယ်


(Photo: AFP)

ငှက်ဖျားဆေးက COVID-19 အတွက် ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်စေမှုအပေါ် အမြင်အယူအဆ ကွဲလွဲမှုတွေရှိနေတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဇီဝဆေးဘက်ဆိုင်ရာ ထိပ်တန်အဖွဲ့အစည်းက COVID-19 ကာကွယ်ရန် hydroxychloroquine ငှက်ဖျားဆေး အသုံးပြုခြင်းကို ထောက်ခံကြောင်း မေ ၂၆ ရက်နေ့က ထုတ်ဖော်ပြောပါတယ်။

၎င်းတို့ရဲ့ လေ့လာတွေ့ရှိချက်အရ ဟိုက်ဒရိုကလိုရိုကွင်း (hydroxychloroquine) ကို COVID-19 ကာကွယ်ဆေးအဖြစ် သောက်သုံးခြင်းက ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ Indian Council of Medical Research (ICMR) ရဲ့ အထွေထွေညွှန်ကြားရေးမှူး Balram Bhargava က ပြောပါတယ်။

ဒီဆေးကို ရောဂါကာကွယ်မှုအတွက် ကျွန်တော်တို့ ထောက်ခံပါတယ်၊ ဆက်သောက်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အန္တရာယ်မရှိလို့ပါ၊ ဒီဆေးက အကျိုးရှိနိုင်ပါတယ်

(အိန္ဒိယ ICMR အကြီးအကဲ ဒေါက်တာ ICMR) (Photo: Arvind Jain)

မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနဲ့ နှလုံးတုန်ခြင်းတို့ ဖြစ်ပွားမှုရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ICMR က အိန္ဒိယမှာ အစိုးရရဲ့ COVID-19 ထိန်းချုပ်ကာကွယ်ရေးမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ COVID-19 ကာကွယ်ရေးဆောင်ရွက်မှုအဖြစ် hydroxychloroquine ငှက်ဖျားဆေး အသုံးပြုရန် အကြုံပြုပေးမှုကို ICMR က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းအားလုံးနဲ့ COVID-19 ထိန်းချုပ်ကာကွယ်ရေး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူအချို့ဟာ ယခုမှစပြီး သီတင်းပတ်အချို့ကြာတဲ့အထိ hydroxychloroquine ကို တင်းကြပ်တဲ့ ဆေးဘက်ဆိုင်ရာ ကြီးကြပ်စောင့်ကြည့်မှုဖြင့် သောက်သုံးနိုင်ကြောင်း ICMR က ထောက်ခံခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ရောဂါအတွက် ကုသဆေးဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်းဆိုခဲ့ပါတယ်

"ဒီဆေးကို ရောဂါကာကွယ်မှုအတွက် ကျွန်တော်တို့ ထောက်ခံပါတယ်၊ ဆက်သောက်သင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အန္တရာယ်မရှိလို့ပါ၊ ဒီဆေးက အကျိုးရှိနိုင်ပါတယ်" လို့ Balram Bhargava က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ICMR အနေနဲ့ hydroxychloroquine ရဲ့ အန္တရာယ်နဲ့ အကျိုးရှိမှုကို တွက်ဆကြည့်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ ဝန်ထမ်းတွေ ထိုဆေးသောက်ခြင်းကို မပိတ်ပင်သင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။

သို့သော် သာမန်လူများ COVID-19 ကာကွယ်ရန် ငှက်ဖျားဆေးသောက်ခြင်းကတော့ သတိထားသင့်ကြောင်း Balram Bhargava က အလေးအနက် ပြောခဲ့ပါတယ်။ hydroxychloroquine အတွက် ICMR ယခင် လမ်းညွှန်မှုများမှာတော့ ထိုဆေးကို COVID-19 သံသယလူနာ သို့မဟုတ် အတည်ပြုလူနာတွေကို ပြုစုစောင့်ရှောက်ရတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတဲ့ အိမ်ထောင်စုဝင်များသာ သောက်သုံးရန် ပြောထားခဲ့တာ ဖြစ်ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: Reuters)

hydroxychloroquine ငှက်ဖျားဆေးကို COVID-19 အတွက် အသုံးပြုခြင်းအပေါ် ကွဲလွဲတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။ ထိုဆေးဟာ COVID-19 ရောဂါအတွက် ကုသဆေးဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလအစောပိုင်းမှ ညွှန်းဆိုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရန့်က မေ ၁၈ ရက်နေ့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အဆိုပါ ငှက်ဖျားဆေးကို တစ်နေ့တစ်လုံး သောက်နေခဲ့တာ သီတင်းတစ်ပတ်ခွဲရှိပြီလို့ အံ့အားသင့်ဖွယ် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ hydroxychloroquine ကို နှစ်ပတ်ကြာသောက်ပြီး ဆက်မသောက်တော့ဘူးလို့ ထရန့်က ဆိုပါတယ်။

(Photo: AP)

hydroxychloroquine သို့မဟုတ် ကလိုရိုကွင်း (cloroquine) ငှက်ဖျားဆေးတွေဟာ COVID-19 လူနာတွေမှာ သေဆုံးမှုအန္တရာယ် မြင့်တက်စေခြင်းနဲ့ ဆက်နွယ်နေကြောင်း လေ့လာမှုရလဒ်ကို Lancet ဆေးပညာဂျာနယ်က ယခုလအတွင်း ဖော်ပြခဲ့ပါတယ်။

hydroxychloroquine နဲ့ ပတ်သက်ပြီး WHO ရဲ့ လေ့လာသုံးသပ်မှုဟာ ဇွန်လလယ်မှာ အပြီးသတ်မယ်လို့လည်း ဆိုပါတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က COVID-19 လူနာတွေမှာ ငှက်ဖျားဆေးဖြင့် စမ်းသပ်ကုသနေခြင်းကို ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုကြောင့် ရပ်ဆိုင်းထားမယ်လို့ မေ ၂၅ ရက်မှာ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောခဲ့ပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: WHO/AFP)

hydroxychloroquine နဲ့ ပတ်သက်ပြီး WHO ရဲ့ လေ့လာသုံးသပ်မှုဟာ ဇွန်လလယ်မှာ အပြီးသတ်မယ်လို့လည်း ဆိုပါတယ်။ ထိုအတောအတွင်း အရှေ့တောင်အာရှမှ မလေးရှားနိုင်ငံမှာတော့ ငှက်ဖျားဆေးကို COVID-19 လူနာတွေမှာ စမ်းသပ်ကုသမှုတွေ ဆက်လုပ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွန်ကြားရေးမှူး Noor Hisham Abdullah က မေ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။

COVID-19 အတွက် hydroxychloroquine ကို ထောက်ခံရာမှာ ပြင်သစ်နိုင်ငံမှ ထင်ရှားတဲ့ ဆရာဝန်တစ်ဦးလည်း အပါအဝင် ဖြစ်ပါတယ်။ မာဆေးလ်မြို့အခြေစိုက် ပါမောက္ခ Didier Raoult က ငှက်ဖျားဆေးဟာ COVID-19 ကုသရာမှာ ထိရောက်တဲ့ အကူအညီ ဖြစ်စေတယ်လို့ ယုံကြည်ထားပါတယ်။

COVID-19 ကုသရေးမှာ အကျိုးမရှိကြောင်း သုတေသနရလဒ်က ဖော်ပြမှုကိုလည်း ဆရာဝန်က ပယ်ချခဲ့ပါတယ်

(ပြင်သစ်ဆရာဝန် ပါမောက္ခ Didier Raoul) (Photo: Gerard Julien/AFP)

COVID-19 ကုသရေးမှာ အကျိုးမရှိကြောင်း သုတေသနရလဒ်က ဖော်ပြမှုကိုလည်း အဆိုပါ ဆရာဝန်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

၎င်းဟာ ပြင်သစ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုအတွင်း ၎င်းရဲ့ အငြင်းပွားဖွယ်ရာ ဆေးကုသမှု ယုံကြည်ချက်တွေနဲ့အတူ နာမည်ကြီးလာသူဖြစ်ပြီး ငှက်ဖျားဆေးက COVID-19 ကုသရေးမှာ အကျိုးမရှိကြောင်း သုတေသနရလဒ်က ဖော်ပြမှုကို ပယ်ချခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကျွမ်းကျင်သူတွေကို ထင်မြင်ယူဆချက်များ မေးမြန်းခဲ့စဥ် ပါမောက္ခ Didier Raoul လည်း ပါဝင်ခဲ့ပါတယ်။ ပါမောက္ခက hydroxychloroquine ငှက်ဖျားဆေးဟာ COVID-19 အတွက် အမှန်တစ်ကယ် ထိရောက်အကျိုးရှိကြောင်း အခိုင်အမာ ထောက်ခံခဲ့ပါတယ်။ သို့သော် နောက်ဆက်တွဲ သတင်းအရ ပြင်သစ်အစိုးရက COVID-19 လူနာတွေကို hydroxychloroquine ဖြင့် ကုသရန်ခွင့်ပြုထားမှုအား ယ‌နေ့ (မေ ၂၇ ရက်) ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

Source: AFP, CNA, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က