ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအဖြစ် ငှက်ဖျားဆေးတစ်မျိုး သောက်နေကြောင်း လူသိရှင်ကြား ပြောခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအဖြစ် ငှက်ဖျားဆေးတစ်မျိုး သောက်နေကြောင်း မေ ၁၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။

ဆေးပညာဆိုင်ရာ သတိပေးမှုတွေ ရှိနေခဲ့ပေမဲ့ ဟိုက်ဒရိုကလိုရိုကွင်း (hydroxychloroquine) ငှက်ဖျားဆေးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် သောက်နေတယ်လို့ သမ္မတထရန့်က လူသိရှင်ကြား ပြောခဲ့တာဖြစ်ပါတယ်။ "ကျွန်တော် အဲဒီဆေးသောက်နေတာ တစ်ပတ်ခွဲရှိပြီ၊ တစ်နေ့တစ်လုံး သောက်တယ်" လို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။



ဗိုင်းရပ်စ်သက်ရောက်မှုနဲ့ ပတ်သက်ပြီး စားသောက်ဆိုင် စီမံခန့်ခွဲရေး အမှုဆောင်အရာရှိတွေနဲ့ အစည်းအဝေးတစ်ခုအတွင်း အမေးအဖြေ အစီအစဥ်မှာ ထရန့်က ထိုသို့ ထုတ်ဖော်ပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြာပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း ထရန့်က အဆိုပါဆေးကို COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အလားအလာရှိတဲ့ ကုဆေးအဖြစ် ညွှန်းဆိုပြောခဲ့ဖူးပါတယ်။

သို့သော် နောက်ပိုင်းမှာ လေ့လာမှုတွေအရ ငှက်ဖျားဆေးဟာ COVID-19 ကုသရေး အထောက်အကူမပြုကြောင်း တွေ့ရှိထားခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် ထရန့်ဟာ ဗိုင်းရပ်စ်စစ်ဆေးမှု နေ့စဥ် ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အိမ်ဖြူတော် ဆရာဝန်ကို hydroxychloroquine ငှက်ဖျားဆေးသောက်ရင် အဆင်ပြေမလားလို့ မေးခဲ့ကြောင်းနဲ့ ဆရာဝန်က သောက်ချင်ရင်သောက်ဖို့ ပြောခဲ့တယ်လို့လည်း ထရန့်က ဆိုပါတယ်။

ထရန့်ရဲ့ ယခုထုတ်ဖော်ပြောမှုဟာ ဇီဝနည်းပညာကုမ္ပဏီ Moderna Therapeutics က ၎င်းရဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုဟာ ရလဒ်ကောင်းတွေ့ရပြီး အလားအလာရှိတဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် အခြေအနေတိုးတက်ကြောင်း သတင်းထုတ်ပြန်တဲ့နေ့မှာလည်း ဖြစ်ပါတယ်။

(Photo: David Zalubowski/AP)

သမ္မတထရန့်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် hydroxychloroquine ငှက်ဖျားဆေး သောက်နေကြောင်း ထုတ်ဖော်ပြောပြီးနောက် Fox News Channel သတင်းဌာနက ထိုဆေးသောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေကို သတိပေးခဲ့တဲ့ ဒေါက်တာဘော့ဘ်လာဟီတာကို ချက်ချင်းပင် ဆက်သွယ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာကတော့ "အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး၊ ကျွန်တော်တို့ လူနာအချို့ကို အဲဒီဆေးနဲ့ ကုသကြည့်ခဲ့တာပဲ" လို့ ပြောခဲ့ပါတယ်။

အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ကလည်း ကိုရိုနာဗိုင်းရပ်စ်အတွက် hydroxychloroquine ငှက်ဖျားဆေး အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေဖြစ်စေနိုင်ကြောင်း ဧပြီလအတွင်း သတိပေးထားခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က