အောက်စ်ဖို့တက္ကသိုလ်မှ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ထိုးနှံစမ်းသပ်မှု ဧပြီ ၂၃ ရက်နေ့က စတင်ခဲ့ပါတယ်။
Ko John

ဗြိတိန်နိုင်ငံမှာ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာ ပထမဆုံးအကြိမ် ထိုးနှံစမ်းသပ်မှု ဧပြီ ၂၃ ရက်နေ့က စတင်ခဲ့ပါတယ်။

အောက်စ်ဖို့တက္ကသိုလ်မှာ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး စမ်းသပ်မှုမှာ အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားအရွယ်ရှိ မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ စမ်းသပ်မှုများ အောင်မြင်ပါက သန်းနဲ့ချီတဲ့ COVID-19 ကာကွယ်ဆေးတွေကို ဆောင်းဦးရာသီမှာ ရရှိနိုင်ကြောင်း သိရပါတယ်။

ChAdOx1 nCoV-19 လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို အစောဆုံး စက်တင်ဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ အောက်စ်ဖို့တက္ကသိုလ်မှ ကာကွယ်ဆေးကျွမ်းကျင်သူ ပါမောက္ခ ဆာရာဂီလ်ဘတ်က ပြောထားပါတယ်။ အောက်စ်ဖို့မှ သိပ္ပံပညာရှင်တွေက ယခု ကာကွယ်ဆေးကို အချိန်ကာလ သုံးလမပြည့်မီအတွင်း ထုတ်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးစမ်းသပ်နိုင်ရန် အောက်စ်ဖို့တက္ကသိုလ်မှ အဖွဲ့ကို ပေါင်စတာလင် သန်း ၂၀ ထောက်ပံ့ခဲ့ပါတယ်။ လူတွေမှာ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုဟာ အောင်မြင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိကြောင်း ပါမောက္ခ ဆာရာဂီလ်ဘတ်က အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး လူတွေကို ပထမဆုံး ထိုးနှံစမ်းသပ်မှုမှာ ပါဝင်ကြသူ နှစ်ဦးဖြစ်တဲ့ သိပ္ပံပညာရှင် အမျိုးသမီး Elisa Granat နဲ့ Simeon Courtie ဆိုသူ အမျိုးသားတို့က BBC သတင်းဌာနဲ့ ITV ရဲ့ Good Morning Britain ရုပ်သံအစီအစဥ်တို့ကို ၎င်းတို့ရဲ့ သဘောထားအမြင်များ မျှဝေခဲ့ကြပါတယ်။ Elisa Grana က ကာကွယ်ဆေးထိုးနှံ့ခဲ့ပြီးသူဖြစ်ကာ Simeon Courtie ကတော့ ကာကွယ်ဆေးထိုးရမယ့် ရက်ချိန်းယူထားပြီးသူလို့ သိရပါတယ်။

Elisa Granat

COVID-19 ကာကွယ်ဆေး ပထမဆုံး ထိုးနှံစမ်းသပ်ခံခဲ့သူ တစ်ဦးဖြစ်တဲ့ Elisa Granat ကိုယ်တိုင်က သိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူမက "ကျွန်မက သိပ္ပံပညာရှင်တစ်ယောက်ပါ၊ ဒါကြောင့် ကျွန်မလုပ်နိုင်တဲ့ ဘယ်အချိန်ဖြစ်ဖြစ် သိပ္ပံဆိုင်ရာလုပ်ငန်းစဥ်ကို အားပေးထောက်ပံ့ဖို့ ကျွန်မ ကြိုးစားချင်ပါတယ်" လို့ BBC ကို ပြောပါတယ်။

"ကျွန်မ ကိုယ်တိုင်အရ ဒီကာကွယ်ဆေးအပေါ် ယုံကြည်မှု အလေးအနက်ရှိပါတယ်၊ ကျွန်မတို့က ဒါကို စမ်းသပ်ရမှာဖြစ်ပြီး လူသားတွေထံကနေ အချက်အလက်တွေ ရယူရမှာပါ၊ ကာကွယ်ဆေးက အမှန်တစ်ကယ် အလုပ်ဖြစ်တယ်ဆိုတာ ကျွန်မတို့ သက်သေပြရမှာဖြစ်ပါတယ်၊ ပိုများတဲ့ လူဦးရေပမာဏကို ကာကွယ်ဆေးထိုးမပေးခင်မှာ လူတွေကို ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်ရမှာ ဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။

Simeon Courtie

ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ပထမဆုံး ထိုးနှံစမ်းသပ်ခံမယ့်သူ တစ်ဦးဖြစ်တဲ့ Simeon Courtie ဆိုသူ အမျိုးသားကလည်း Good Morning Britain ရုပ်သံအစီအစဥ်ကို ၎င်းရဲ့ သဘောထားအမြင်နဲ့ ခံစားချက်တွေ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ Simeon Courtie က ကာကွယ်ဆေးထိုးနှံမှုကြောင့် ပိုဆိုးလာချိန်မှာ ကိုယ်ပူဖျားနာလာနိုင်တဲ့ အခြေအနေကို မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ကာကွယ်ဆေး စမ်းသပ်တာက ဒီနေ့ (ဧပြီ ၂၃ ရက်) စတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က နောက်အပတ် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉ ရက်) မှာ ကာကွယ်ဆေးထိုးရမှာပါ၊ သူတို့က တုပ်ကွေးဖြစ်တာလိုမျိုး တစ်ခုခုဖြစ်လာမယ်လို့ ယူဆထားပါတယ်၊ မပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေရနိုင်တယ်ပေါ့၊ ဒါပေမဲ့ အဆိုးဆုံးဖြစ်လာရင် နှစ်ရက်လောက် ဖျားနေတာနဲ့ နာကျင်ကိုက်ခဲမှုအချို့ ဖြစ်နိုင်ပါတယ်" လို့ Simeon Courtie က ပြောပါတယ်။

Source and Photo: BBC, Daily Mail


က္က