စမ်းသပ်မှုတွေ အောင်မြင်ပါက အစောဆုံး စက်တင်ဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကို ယခုသီတင်းပတ်အတွင်း လူတွေမှာထိုးနှံစမ်းသပ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ကြေညာပါတယ်။

(Photo: PA)

အောက်စ်ဖို့တက္ကသိုလ်မှာ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ကို လူတွေမှာထိုးနှံစမ်းသပ်မှုများ ကြာသပတေးနေ့ (ဧပြီ ၂၃ ရက်) မှာ စတင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ယမန်နေ့ (ဧပြီ ၂၁ ရက်) မှာ အတည်ပြုခဲ့ပါတယ်။ စမ်းသပ်မှုများ အောင်မြင်ပါက သန်းနဲ့ချီတဲ့ COVID-19 ကာကွယ်ဆေးတွေကို ဆောင်းဦးရာသီမှာ ရရှိနိုင်ကြောင်း ကာကွယ်ဆေးထုတ်လုပ်ခဲ့တဲ့ အောက်စ်ဖို့တက္ကသို‌လ် သိပ္ပံပညာရှင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောခဲ့ပါတယ်။ လူတွေမှာ ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိကြောင်းလည်း ထိုအဖွဲ့က ဆိုပါတယ်။



(Photo: Reuters)

ကာကွယ်ဆေးစမ်းသပ်နိုင်ရန် အောက်စ်ဖို့တက္ကသိုလ်မှ အဖွဲ့ကို ပေါင်စတာလင် သန်း ၂၀ ထောက်ပံ့ပေးထားခဲ့ကြောင်းနဲ့ Imperial College London မှ သုတေသီတွေကိုလည်း နောက်ထပ် ပေါင်စတာလင် ၂၂.၅ သန်း ထောက်ပံ့ပေးထားကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက အမှတ် ၁၀၊ ဒေါင်းနင်းလမ်းမှာ ပြုလုပ်ခဲ့တဲ့ နေ့စဥ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အောက်စ်ဖို့တက္ကသိုလ်မှ ကာကွယ်ဆေးကျွမ်းကျင်သူ ပါမောက္ခ ဆာရာဂီလ်ဘတ်ရဲ့ အဆိုအရ ChAdOx1 nCoV-19 (နောက်ပိုင်းမှာ AZD1222 လို့ အမည်သတ်မှတ်) လို့ အမည်ပေးထားတဲ့ ယခုကာကွယ်ဆေးကို အစောဆုံး စက်တင်ဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှု အစီအစဥ်အရ မိမိသဘောဆန္ဒအရ ပါဝင်စမ်းသပ်ခံမယ့် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားအရွယ်ရှိသူ လူ ၅၁၀ ကို ထိုးနှံစမ်းသပ်သွားမယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်မျိုးကို လက်တွေ့အသုံးပြုနိုင်ရန် ၁၈ လအထိ ကြာမြင့်လေ့ရှိတာ ဖြစ်ပါတယ်။

(Photo: Getty Images)

ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ကလည်း "သိပ္ပံပညာရှင်အဖွဲ့က စမ်းသပ်မှုလုပ်ငန်းစဥ်ကို Medicines and Healthcare Regulatory Agency (MHRA) နဲ့အတူ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်၊ အဲဒီအကျိုးရလဒ်အရ အောက်ဖို့စ်တက္ကသိုလ်မှ ကာကွယ်ဆေးကို လူတွေမှာ ဒီ ကြာသတေးနေ့ကစပြီး စမ်းသပ်သွားမယ်လို့ ကျွန်တော် ကြေညာနိုင်ပါပြီ" လို့ မတ်ဟန်းကွတ်ခ်က ပြောပါတယ်။

ဗြိတိန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယမန်နေ့ ညပိုင်းအထိ ကူးစက်ခံရသူ ၁၂၉,၀၄၄ ဦး စစ်ဆေးအတည်ပြုထားပြီး ၁၇,၃၃၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်မှာ COVID-19 တိုက်ဖျက်ရေး lockdown အစီအမံအရ ပိတ်ပင်ကန့်သတ်မှုတွေကို နောက်ထပ် သီတင်းသုံးပတ်ကြာ တိုးချဲ့ပြီး မေလ ၇ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က