ယခုထက်ပိုပြီး အရေးယူဆောင်ရွက်မှု မရှိပါက တစ်ရက်လျှင် ကူးစက်မှုအသစ် ၅၀,၀၀၀ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID-19 ထိန်းချုပ်ရေး ယခုထက်ပိုပြီး အရေးယူဆောင်ရွက်မှု မရှိပါက လာမယ့် အောက်တိုဘာလလယ်ပိုင်းမှာ တစ်ရက်လျှင် ကူးစက်မှုအသစ် ၅၀,၀၀၀ ရှိလာနိုင်ကြောင်း အစိုးရရဲ့ သိပ္ပံပညာဆိုင်ရာ အကြံပေးအရာရှိချုပ်က သတိပေးခဲ့ပါတယ်။

ကူးစက်ဖြစ်ပွားမှုက အကြမ်းဖျင်း ခုနစ်ရက်တိုင်းမှာ နှစ်ဆဖြစ်လာတယ်


(Photo: Getty Images)

ထို့အတူ အောက်တိုဘာလလယ်မှ နောက်တစ်လအကြာမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်ဝန်းကျင် ရှိလာမယ်လို့ ခန့်မှန်းထားကြောင်းလည်း သိပ္ပံပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆာပက်ထရစ်ဗဲလင့်စ်က ပြောခဲ့ပါတယ်။ ဆာပက်ထရစ်က ဒေါင်းနင်းလမ်းမှာ ဆေးဘက်ဆိုင်ရာ အကြံပေးအရာရှိချုပ် ပါမောက္ခခရစ်ဝှစ်တီနဲ့အတူ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကို ပြောကြားခဲ့ရာမှာ ထိုသို့ သတိပေးခဲ့ပါတယ်။

ဗြိတိန်မှာ ကိုဗစ်ဒုတိယလှိုင်းဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြောကြား

"အခုအချိန်မှာ ကူးစက်ဖြစ်ပွားမှုက အကြမ်းဖျင်း ခုနစ်ရက်တိုင်းမှာ နှစ်ဆဖြစ်လာတယ်၊ ဒါက အတော်ကြီးပါတယ်၊ တစ်ကယ်လို့သာ ဒီနှုန်းကို မထိန်းချုပ်ဘဲ ဆက်ဖြစ်နေစေခဲ့ပြီး ခုနစ်ရက်ကြာတိုင်း နှစ်ဆဖြစ်နေခဲ့မယ်ဆိုရင် အောက်တိုဘာလလယ်မှာ တစ်ရက်ကို ကူးစက်မှု ၅၀,၀၀၀ တွေ့လာရပါမယ်" လို့ ဆာပက်ထရစ်က ပြောခဲ့ပါတယ်။

(Photo: Pippa Fowels/No. 10 Downing Street)

"တစ်ရက်ကို ကူးစက်မှု ၅၀,၀၀၀ တိုးလာပြီး နောက်တစ်လအကြာ နိုဝင်ဘာလလယ်မှာ သေဆုံးမှုက တစ်ရက်ကို ၂၀၀ ကျော်ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်၊ ဒါကြောင့် စိန်ခေါ်မှုက ကူးစက်ဖြစ်ပွားမှု နှစ်ဆတိုးလာတဲ့ အချိန်ကာလကို ခုနစ်ရက်အတွင်း ဖြစ်မနေဖို့ပါ၊ ကူးစက်မှုတွေ လျော့ကျစေဖို့ အဆောတလျင်ရှိမှု၊ အရေးယူဆောင်ရွက်မှုနဲ့ လုံလောက်တဲ့ အမိန့်ညွှန်ကြားချက် လိုအပ်ပါတယ်" လို့လည်း ဆာပက်ထရစ်က ဆိုပါတယ်။

တစ်ရက်ကို ၅၀,၀၀၀ ကူးစက်မှုတိုးလာပြီး နောက်တစ်လအကြာမှာ သေဆုံးမှုက တစ်ရက်ကို ၂၀၀ ကျော်ဖြစ်လာမယ်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂါနေ့ (စက်တင်ဘာ ၂၂ ရက်) မနက်ပိုင်းမှာ Cobra အရေးပေါ်ကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပရန်စီစဥ်နေစဥ် ဆာပက်ထရစ်ရဲ့သတိပေးမှတ်ချက် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ ထိုအစည်းအဝေးပြီးလျှင် ဗြိတိန်လွှတ်တော် House of Commons မှာ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID-19 ဒုတိယလှိုင်းဖြစ်ပွားနေပြီလို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၁၈ ရက် နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။ တနင်္လာ‌နေ့ (စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်မှုအရ ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄,၃၆၈ ဦး တိုးလာခဲ့ပြီး ယခင်နေ့မှာ ၃,၈၉၉ ဦးကနေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ထို့အတူ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း နောက်ထပ် ၁၁ ဦ တိုးလာခဲ့ပါတယ်။ ဗြိတိန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၉၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုတွေ လျော့ကျစေဖို့ အဆောတလျင်ရှိမှု၊ အရေးယူဆောင်ရွက်မှုနဲ့ လုံလောက်တဲ့ အမိန့်ညွှန်ကြားချက် လိုအပ်ပါတယ်

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းကြုံနေတဲ့ ဗြိတိန်နိုင်ငံမှာ မိမိကိုယ်တိုင် သီးခြားခွဲနေရမယ့် ညွှန်ကြားချက်ကို မလိုက်နာသူများ ပေါင်စတာလင် ၁၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၇၀ ဝန်းကျင်) အထိ အမြင့်ဆုံး ငွေဒဏ်ချမှတ်ခံရနိုင်မှု အပါအဝင် ကူးစက်မှုထိန်းချုပ်ရေး ဥပဒေစည်မျဥ်းအသစ်များ ထုတ်ပြန်ထားပြီး စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။

ထို့အတူ ဘီယာဆိုင်များ၊ စားသောက်ဆိုင်များနဲ့ အခြား အစားအသောက် ရောင်းချတဲ့နေရာများ အားလုံးကို ကြာသပတေးနေ့ (စက်တင်ဘာ ၂၄ ရက်) မှစပြီး ည ၁၀ နာရီမှာ ပိတ်ရမယ်လို့ ညွှန်ကြားထားပါတယ်။ ထပ်မံသိရတဲ့ သတင်းအရ ဗြိတိန်မှာ COVID-19 သတိပေးချက်ကို အဆင့် ၃ မှ ၄ သို့ တိုးမြှင့်လိုက်ပြီး ကူးစက်မှု မြင့်မားနေကြောင်း သို့မဟုတ် ဆတိုးမြင့်တက်နေကြောင်း သတိပေးချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ ကိုယ်တိုင်သီးခြားခွဲနေရမယ့် ကိုဗစ်စည်းမျဥ်း မလိုက်နာပါက ပေါင် ၁၀,၀၀၀ ဒဏ်ရိုက်မည်

Share

Loading Next Article...
က္က