ပထမအဆင့်ပြီးပါက လူဦးရေ ၆,၀၀၀ ပါဝင်မယ့် နောက်ထပ် စမ်းသပ်မှုကို အောက်တိုဘာလအတွင်း ပြုလုပ်သွားမှာပါ။

ဗြိတိန်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အသစ်တစ်မျိုးကို လူတွေမှာ ထိုးနှံစမ်းသပ်မှု စတင်နေပြီ ဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်ခုခု မရရှိခင်အထိ ပုံမှန်ပြန်ဖြစ်နိုင်ဖွယ် မရှိပါဘူး


(Photo: PA)

ပါမောက္ခ Robin Shattock နဲ့ ၎င်းရဲ့အဖွဲ့က ဦးဆောင်တဲ့ ယခုစမ်းသပ်မှုအရ လာမယ့် သီတင်းပတ်များအတွင်း Imperial College London မှာ လူဦးရေ ၃၀၀ ခန့်ကို ကာကွယ်ဆေးထိုးနှံသွားမှာ ဖြစ်ပါတယ်။ ယခု ကာကွယ်ဆေးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်မှုတွေအရ ဘေးကင်းပြီး ထိရောက်တဲ့ ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ဖြစ်စေခဲ့တယ်လို့ တွေ့ရှိထားပါတယ်။

ဗြိတိန်မှာ အောက်စ်ဖို့တက္ကသိုလ်မှ ကျွမ်းကျင်သူတွေ ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကိုလည်း အစောပိုင်းကတည်းက လူတွေမှာ စမ်းသပ်ထားခဲ့ကြောင်း သိရတယ်။ ဗြိတိန်မှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးတွေဟာ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်နေဆဲနဲ့ မတူညီတဲ့ စမ်းသပ်အဆင့်တွေမှာရောက်နေတဲ့ COVID-19 ကာကွယ်ဆေး ၁၂၀ ဝန်းကျင်အနက် အပါအဝင် ဖြစ်ပါတယ်။

(Poto: Independent)

Imperial College London မှာ ပြုလုပ်တဲ့ ကာကွယ်ဆေးစမ်းသပ်မှုမှာ ပထမဆုံး ဆေးထိုးနှံခံခဲ့သူတွေအနက် အသက် ၃၉ နှစ်အရွယ် ကေသီအမည်ရှိ အမျိုးသမီးလည်း ပါဝင်ခဲ့ပါတယ်။ COVID-19 တိုက်ဖျက်ရေးမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုတာကြောင့် ကာကွယ်ဆေးထိုးနှံခံခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောပါတယ်။

"COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်ကူညီဖို့အတွက် ကျွန်မ ဘာလုပ်ပေးရမှန်း အမှန်တစ်ကယ် မသိခဲ့ရာကနေ ဒီလို အစမ်းသပ်ခံဖို့ ဖြစ်လာခဲ့တာ ထင်ပါတယ်၊ ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်တာက ကျွန်မ လုပ်ပေးနိုင်တဲ့အရာပါပဲ" လို့ ကေသီက ဆိုပါတယ်။ "ကာကွယ်ဆေးတစ်ခုခု မရရှိခင်အထိ ပုံမှန်ပြန်ဖြစ်နိုင်ဖွယ် မရှိပါဘူး၊ ဒါကြောင့်လည်း ကာကွယ်ဆေးအစီအစဥ်မှာ ပါဝင်ချင်နေခဲ့တာပါ" လို့ သူမက ပြောပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်တာက ကျွန်မ လုပ်ပေးနိုင်တဲ့အရာပါပဲ

(Photo: BBC)

ယခု စတင်နေပြီဖြစ်တဲ့ ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်ပြီးပါက လူဦရေ ၆,၀၀၀ ပါဝင်မယ့် နောက်ထပ် စမ်းသပ်မှုကို အောက်တိုဘာလအတွင်း ပြုလုပ်သွားရန် စီစဥ်ထားကြောင်းလည်း BBC သတင်းမှာ ဖော်ပြပါတယ်။ Imperial College London မှ အဖွဲ့က ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်မှာနဲ့ ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့ COVID-19 ကပ်ရောဂါအတွက် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ယနေ့ (ဇွန် ၂၅ ရက်) ညနေပိုင်းအထိ ကိန်းဂဏန်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၉.၅ သန်း၊ သေဆုံးသူ ၄၈၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၅.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က