အကျဥ်းထောင်စောင့် ၁၀ ဦးနဲ့ အကျဥ်းသားငါးဦး အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာများရခဲ့ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုကို စိုးရိမ်ကြောက်လန့်ရာမှ ဘရာဇီးအကျဥ်းထောင်တစ်ခုမှာ မေ ၂ရက်နေ့က ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီး အကျဥ်းသားတွေက အကျဥ်းထောင်စောင့် ခုနစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဘရာဇီးနိုင်ငံ အမေဇုန် မိုးသစ်တောဒေသရှိ Amazonas ပြည်နယ် ရဲ့ မြို့တော် Manaus မြို့ရှိ အကျဥ်းထောင်မှာ အကျဥ်းသားများ ဆူပူအုံကြွမှု ဖြစ်ပေါ်ခဲ့ပါတယ်။ Manaus မြို့မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်ဖြစ်ပွားနေရာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများလည်း မနိုင်မနင်း ဖြစ်နေပါတယ်။ ငါးနာရီကျော်ကြာ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် အကျဥ်ထောင်အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။



ထောင်အာဏာပိုင်တွေရဲ့ အဆိုအရ ယခုဖြစ်ရပ်အတွင်း သေဆုံးသူမရှိခဲ့ကြောင်းနဲ့ အကျဥ်းထောင်စောင့် ၁၀ ဦးနဲ့ အကျဥ်းသားငါးဦး အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာများရခဲ့ကြောင်း သိရပါတယ်။ အကျဥ်းသားများက ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားမှု၊ အစားအစာ၊ လျှပ်စစ်မီးနဲ့ ဆေးကုသမှု အပါအဝင် ထောင်တွင်းအခြေအနေ ညံ့ဖျင်းမှုတွေကြောင့် ဆူပူအုံကြွခဲ့ကြပြီး ဆွေမျိုးသားချင်းတွေက ထောင်အပြင်ဘက်မှာ စုရုံးရောက်ရှိနေခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အကျဥ်းထောင်အတွင်း စိုးရိမ်ကြောက်လန့်မှုအကြောင်းကို မေးမြန်းခဲ့ရာမှာ တာဝန်ရှိသူတွေက ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ Amazonas ပြည်နယ်အတွင်းရှိ အခြား အကျဥ်းထောင်နှစ်ခုမှာ COVID-19 ကူးစက်မှုများ အတည်ပြုတွေ့ရှိထားကြောင်း ဒေသဆိုင်ရာ အကျဥ်းထောင်အာဏာပိုင်တွေက ပြောထားပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် Manaus မြို့မှာ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ မနိုင်မနင်းဖြစ်နေစဥ် Puraquequara အကျဥ်းထောင် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ Manaus မှာ COVID-19 ကြောင့် သေဆုံးသူတွေကို အစုအပြုံလိုက် မြှုပ်နှံနေရပြီး အခေါင်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

(Photo: Reuters)

အကျဥ်းထောင်အာဏာပိုင်တွေကတော့ Puraquequara အကျဥ်းထောင် ဆူပူအုံကြွမှုဟာ မအောင်မြင်ခဲ့တဲ့ ထောင်ဖောက်ပြေးရန် ကြိုးပမ်းရာမှာ အာရုံလွှဲမှုဖြစ်ကြောင်း ပြောဆိုထားပါတယ်။ လက်တင်အမေရိကမှာ အစိုးရတွေက COVID-19 ကူးစက်ဖြစ်ပွားမှု နှေးကွေးစေရန် ရည်ရွယ်ပြီး အကျဥ်းထောင်တွေမှာ ထောင်ဝင်စာတွေ့မှု အပါအဝင် ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ခဲ့ရာ ဆူပူအုံကြွမှုတွေ မြင့်တက်ဖြစ်ပွားနေခဲ့ပါတယ်။

လက်တင်အမေရိက အကျဥ်းထောင်တွေဟာ သန့်ရှင်းမှုမရှိဘဲ အကျဥ်းသားဦးရေ အဆမတန် စုပြုံများပြားနေမှုကြောင် နာမည်ဆိုးဖြင့်ကျော်ကြားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့ရှိ အကျဥ်းထောင်တစ်ခုမှာ အကျဥ်းသားတွေက အကျဥ်းထောင် အမိုးပေါ်ကိုတက်ရောက်ကာ မွေ့ရာတွေကို မီးရှို့ဆန္ဒပြခဲ့ပြီး အကျဥ်းကျပိတ်လှောင်ခံထားရစဥ် မသေနိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

(Photo: Reuters)

ယခုသီတင်းပတ် အစောပိုင်းက ပီရူးနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကျဥ်းထောင်ဆူပူအုံကြွမှု တစ်ခုမှာလည်း အကျဥ်းသားကိုးဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ သောကြာနေ့ (မေ ၁ ရက်) ကလည်း ဗင်နီဇွဲလားနိုင်ငံရှိ အကျဥ်းထောင်တစ်ခုမှာ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီး ၄၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စု၊ အကျဥ်းထောင်များ လေ့လာစောင့်ကြည့်အဖွဲ့နဲ့ အတိုက်အခံ လွှတ်တော်အမတ်တို့က ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က