ဇူလိုင်တစ်လလုံးနဲ့ ဩဂုတ်၊ စက်တင်ဘာ နှစ်လအတွက် ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး ဖြစ်ပါတယ်။

COVID-19 ကုသဆေးအဖြစ် အသုံးပြုနေကြတဲ့ Remdesivir ဆေး သုံးလစာထုတ်လုပ်မှု အရေအတွက် အားလုံးနီးပါးကို အမေရိကန်က ဝယ်ယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: Brendan Smialowski/AFP - Getty Images)

အမေရိကန်က ဝယ်ယူထားတဲ့ Remdesivir ဆေးအရေအတွက်ဟာ သုံးလအတွင်း ကုမ္ပဏီက ထုတ်လုပ်မှုပမာဏရဲ့ အားလုံးနီးပါးဖြစ်နေပြီး ဥရောပနိုင်ငံများ သို့မဟုတ် ကျန်ကမ္ဘာ့နိုင်ငံ အများစုအတွက် မကျန်ရှိတော့ဘူးလို့ The Guardian သတင်းက ပြောပါတယ်။ အမေရိကန် Department of Health Human Services (HHS) ရဲ့ အဆိုအရ အမေရိကန်က ဇူလိုင်လအတွက် တစ်ကမ္ဘာလုံးစာ ထုတ်လုပ်ဖြန့်ဖြူးမယ့် Remdesivir ဆေးအားလုံးနဲ့ ဩဂုတ်၊ စက်တင်ဘာ နှစ်လအတွက် ကုမ္ပဏီက ထုတ်လုပ်သွားမယ့် ဆေးအရေအတွက် ၉၀ ရာခိုင်နှုန်းကို ဝယ်ယူထားပြီးဖြစ်ကြောင်း သိရပါတယ်။



ယခု သတင်းတွေအရ Remdesivir ဆေးကို ဗြိတိန်နဲ့ ဥရောပမှာ လာမယ့် အောက်တိုဘာလအထိ ရရှိနိုင်မှာ မဟုတ်ကြောင်း လီဗာပူးတက္ကသိုလ်မှ တွဲဖက်သုတေသီ ဒေါက်တာအင်ဒရူးဟေးလ်က Sky News ကို ပြောပါတယ်။ အမေရိကန်အစိုးရက ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်တဲ့ Remdesivir ဆေး အလုံးရေ ၅၀၀,၀၀၀ ကျော် ဝယ်ယူထားကြောင်း The Guardian သတင်းက ဖော်ပြပါတယ်။

(Photo: Mike Blake/Reuters)

Remdesivir ဆေးကို COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။ COVID-19 ကုသဆေးအဖြစ် အလာအလားကောင်းတဲ့ Remdesivir ဆေးတစ်လုံးရဲ့ ဈေးနှုန်းကို အမေရိကန်နဲ့ အခြား ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အမေရိကန်ဒေါ်လာ ၃၉၀ (မြန်မာကျပ်ငွေ ၅၄၀,၀၀၀ ဝန်းကျင်) သတ်မှတ်ထားကြောင်း ဆေးထုတ်လုပ်တဲ့ Gilead Sciences ကုမ္ပဏီက ဇွန် ၂၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။

COVID-19 လူနာတစ်ဦးလျှင် Remdesivir ဆေး ငါးရက်စာအတွက် ဈေးနှုန်းမှာ ဒေါ်လာ ၂,၃၄၀ (မြန်မာကျပ်ငွေ ၃၂ သိန်းကျော်) ဖြစ်ကြောင်းလည်း သိရပါတယ်။ ပုဂ္ဂလိက အာမခံကုမ္ပဏီများအတွက်မူ Remdesivir ဆေးတစ်လုံးလျှင် ဒေါ်လာ ၅၂၀ (မြန်မာကျပ်ငွေ ၇၁၀,၀၀၀ ကျော်) နဲ့ လူနာတစ်ဦးအတွက် စုစုပေါင်း ဒေါ်လာ ၃,၁၂၀ (မြန်မာကျပ်ငွေ ၄၃ သိန်းကျော်) ဖြစ်တယ်လို့ Gilead Sciences က ပြောထားပါတယ်။

(Photo: Reuters)

Remdesivir ဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသရာမှာ ရောဂါလက္ခဏာပျောက်ကင်းရန် ကြာမြင့်ချိန်ကို လျှော့ချနိုင်ခဲ့ပြီး စောလျင်စွာ ပြန်လည်သက်သာခဲ့တယ်လို့ ဆိုပါတယ်။ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ Remdesivir ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံတွေမှာ COVID-19 လူနာတွေ အရေးပေါ်အခြေအနေအတွက် အသုံးပြုရန် ခွင့်ပြုထားပါတယ်။

Share

Loading Next Article...
က္က