မိမိဆန္ဒအလျောက် ကာကွယ်ဆေးစမ်းသပ်ခံသူ ၄၅ ဦး ပါဝင်ကြပါတယ်။

အမေရိကန်မှာ COVID-19 ရောဂါကာကွယ်ဆေးကို လူတွေမှာ ထိုးနှံပေးပြီး စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

(Photo: AP)

မိမိတို့ သဘောဆန္ဒအလျောက် ကာကွယ်ဆေးစမ်းသပ်ခံသူ ၄၅ ဦးကို တနင်္လာနေ့ (မတ်လ ၁၆ ရက်) ဒေသစံတော်ချိန် နှောင်းပိုင်းက ဆီယက်တဲလ်မြို့ရှိ Kaiser Permanente Washington Health Research Institute မှာ ကာကွယ်ဆေးထိုးနှံပေးတယ်လို့ ဆိုပါတယ်။



ယခု ကာကွယ်ဆေးစမ်းသပ်မှုကို အမေရိကန် National Institutes of Health (NIH) က အထောက်အပံ့ပေးထားကြောင်း AP သတင်းမှာ ဖော်ပြပါတယ်။ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုအကြောင်း ထုတ်ဖော်ပြောခဲ့တဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက ယခုစမ်းသပ်မှုအကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာထားခြင်း မရှိတာကြောင့် ၎င်းရဲ့အမည်ကိုလည်း လျှို့ဝှက်ထားခဲ့ပါတယ်။

(Photo: AP)

ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ကြသူတွေအားလုံးဟာ ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ကာ ၎င်းတို့ကို NIH နဲ့ Moderna Inc. တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ဆေးများ စမ်းသပ်ထိုးနှံခံခဲ့ကြကြောင်း သိရပါတယ်။ ဇန်နဝါရီလလယ်ပိုင်းမှာ တရုတ်သုတေသီတွေက COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 (severe acute respiratory syndrome coronavirus 2) ဗိုင်းရပ်စ်ရဲ့ genetic sequence ကို ထုတ်ပြန်ခဲ့ပြီးနောက် Moderna က ၄၂ ရက်အတွင်း ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံးအသုတ် COVID-19 ကာကွယ်ဆေးကို NIH လက်အောက်ရှိ National Institute of Allergy and Infectious Diseases (NIAID) သို့ ပေးပို့လိုက်ကြောင်း ဖေဖေါ်ဝါရီလအတွင်း Moderna က ထုတ်ပြန်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ COVID-19 နဲ့ပတ်သက်ပြီး ယခုစမ်းသပ်တဲ့ ကာကွယ်ဆေး သို့မဟုတ် သုတေသနလုပ်နေတဲ့ အခြား ကာကွယ်ဆေးတွေ အလုပ်ဖြစ်မဖြစ်ကို သိရှိနိုင်ရန် လအများအပြား အချိန်ကြာအုံးမယ်လို့ ပြောပါတယ်။

(Photo: Getty Images)

အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးကို အပြည့်အဝ အတည်ပြုရန် တစ်နှစ် သို့မဟုတ် ၁၈ လ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ ပြောကြားခဲ့မှုအရ ကမ္ဘာတစ်ဝှမ်း COVID-19 ကာကွယ်ဆေး အမျိုးအစား ၂၀ ကျော် ထုတ်လုပ်နေကြောင်း သိရပါတယ်။

မတ်လ ၁၆ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁၇၄,၂၉၅ ဦးနဲ့ သေဆုံးသူ ၆,၆၇၃ ဦးရှိလာပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က