ကာကွယ်ဆေးတစ်ခု ရရှိနိုင်ဖို့ မျှော်လင့်နေပြီး ခန့်မှန်းခြေအားဖြင့် အနည်းဆုံး တစ်နှစ်ကြာနိုင်တယ်လို့ ဆိုပါတယ်။

ထိရောက်တဲ့ COVID-19 ကာကွယ်ဆေးတစ်ခုကို သိပ္ပံပညာရှင်တွေ ဖန်တီးထုတ်လုပ်နိုင်လိမ့်မယ်လို့ မသေချာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ကာကွယ်ဆေးတစ်ခု ရရှိလာမယ်လို့ သေချာပေါက်ပြောနိုင်ဖို့က အရမ်းခက်ခဲပါလိမ့်မယ်


(Photo: Reuters)

ကာကွယ်ဆေးတစ်ခု ရရှိနိုင်ဖို့ မျှော်လင့်နေပြီး ခန့်မှန်းခြေအားဖြင့် အနည်းဆုံး တစ်နှစ်ကြာနိုင်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဥရောပ ပါလီမန်ရဲ့ ကျန်းမာရေးကော်မတီကို ဇွန် ၂၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။ "ကျွန်တော်တို့ ကာကွယ်ဆေးတစ်ခု ရရှိလာမယ်လို့ သေချာပေါက်ပြောနိုင်ဖို့က အရမ်းခက်ခဲပါလိမ့်မယ်" လို့ ၎င်းက ဥရောပ ပါလီမန်အမတ်တွေကို ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး လုံးဝ မရှိသေးပါဘူး၊ ဖော်စပ်တွေ့ရှိပြီးချိန်မှာတော့ ရှိလာမှာပါ၊ ဖော်စပ်တွေ့ရှိလာဖို့ မျှော်လင့်နေပါတယ်" လို့လည်း ၎င်းကဆိုပါတယ်။ ကာကွယ်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် ဗိုင်းရပ်စ်ကဲ့သို့ ရောဂါပိုးတွေကို သိရှိခွဲခြားပြီး တိုက်ထုတ်ရန် ကူညီပေးပါတယ်။

(Photo: AP)

ကာကွယ်ဆေးတွေက COVID-19 ကဲ့သို့ ရောဂါများ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်တဲ့ အထိရောက်နည်းလမ်းတွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ WHO က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို ကာကွယ်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်နိုင်ခြေရှိတဲ့ ကာကွယ်ဆေးအမျိုးပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေကြပါတယ်။

COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ခံရသူ ၉.၆ သန်းကျော်၊ သေဆုံးသူ ၄၈၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၅.၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

ကာကွယ်ဆေး ဖော်စပ်တွေ့ရှိလာဖို့ မျှော်လင့်နေပါတယ်

(Photo: AFP)

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေဟာ ဥရောပမှာ ယခင်ကထက် လျော့ကျ‌သွားပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ပိုဆိုးလာနေကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတိပေးခဲ့ပါတယ်။ လာမယ့် သီတင်းပတ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက် ၁၀ သန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပြီး သေဆုံးသူဦးရေဟာလည်း ၅၀၀,၀၀၀ ရှိလာနိုင်ကြောင်း ၎င်းက ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က