စမ်းသပ်မှုတွေ လုပ်ဆောင်နေပေမဲ့ ၂၀၂၁ အစောပိုင်းအထိ လက်တွေ့အသုံးပြုရန် မမျှော်လင့်နိုင်ဘူးလို့ ဆိုပါတယ်။

သုတေသီတွေက COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုဟာ ကောင်းမွန်တဲ့ အခြေအနေတိုးတက်မှုရှိနေပြီး ဆေးအချို့က နောက်ပိုင်းအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းအထိ လက်တွေ့အသုံးပြုရန် မမျှော်လင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ကျွမ်းကျင်သူက ဇူလိုင် ၂၂ ရက်နေ့မှာ ပြောပါတယ်။

ကာကွယ်ဆေးတွေက ချမ်းသာကြွယ်ဝသူတွေအတွက် မဟုတ်ဘူး၊ ဆင်းရဲသူတွေအတွက် မဟုတ်ဘူး၊ ဒါတွေက လူတိုင်းအတွက်ပဲ


(ဒေါက်တာမိုက်ရိုင်ယန်) (Photo: Reuters)

WHO က ကာကွယ်ဆေး ဖြန့်ဖြူးတင်ပို့မှု မျှတစေရန် ဆောင်ရွက်နေပေမဲ့ တစ်ချိန်တည်းမှာပင် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်က အဓိကကျကြောင်း WHO ရဲ့ အရေးပေါ်အစီအစဥ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။ COVID-19 ကာကွယ်ဆေးအချို့ဟာ ယခုအခါ တတိယအဆင့် စမ်းသပ်မှုမှာ ရောက်ရှိနေပြီဖြစ်ပြီး စမ်းသပ်မှု မအောင်မြင်တဲ့ ကာကွယ်ဆေး မရှိသေးဘဲ ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို ဖြစ်ပေါ်စေကြောင်း ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။

"တစ်ကယ့်လက်တွေ့က လူတွေကို ကာကွယ်ဆေးထိုးတာ စပြီး မမြင်ရမီ လာမယ့်နှစ် ပထမပိုင်းမှာ ဖြစ်မှာပါ" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။ WHO အနေနဲ့ အလားအလာကောင်းနေတဲ့ ကာကွယ်ဆေး ပိုမိုရရှိရေးနဲ့ ထုတ်လုပ်မှုတိုးမြှင့်ရေး ကူညီပေးရန် လုပ်ဆောင်နေကြောင်း ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။

(Photo: AFP)

"ကာကွယ်ဆေးရရှိမှုက မျှတဖို့လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက တစ်ကမ္ဘာလုံးရပိုင်ခွင့်တစ်ခုပါ၊ ဒီကပ်ရောဂါအတွက် ကာကွယ်ဆေးတွေက ချမ်းသာကြွယ်ဝသူတွေအတွက် မဟုတ်ဘူး၊ ဆင်းရဲသူတွေအတွက် မဟုတ်ဘူး၊ ဒါတွေက လူတိုင်းအတွက်ပဲ" လို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။

ကာကွယ်ဆေး အစောပိုင်းစမ်းသပ်မှု ရလဒ်တွေက အလားအလာကောင်း ပြသနေတယ်လို့ University of Michigan School of Public Health မှ ကူးစက်ရောဂါဆိုင်ရာ တွဲဖက်ပါမောက္ခ Aubree Gordon က ပြောပါတယ်။ "ပထမအဆင့်နဲ့ ဒုတိယအဆင့် ကာကွယ်ဆေးစမ်းသပ်မှုတွေက အလွန် အလားအလာကောင်းပါတယ်၊ ကျွန်မတို့ ဒီရလဒ်တွေကို သေချာပေါက် ယုံကြည်သင့်ပါတယ်၊ ဒါပေမဲ့ ဒါတွေက ကာကွယ်ဆေးဟာ ထိရောက်မှုရှိတယ်လို့ သက်သေမပြဘူးဆိုတာ အသိအမှတ်ပြုထားပါတယ်" လို့ သူမက ဆိုပါတယ်။

ကာကွယ်ဆေးတစ်ခု ရရှိလာမယ်လို့ ယုံကြည်ပါတယ်၊ မသေချာတာက ဘယ်တစ်ခုက လူတွေကို ထိုးနှံပေးနိုင်တာ ဖြစ်လာမလဲဆိုတာပါပဲ

(Photo: Reuters)

"ဒီအစောပိုင်းအဆင့် စမ်းသပ်မှုတွေက ဘေးကင်းမှုနဲ့ ကာကွယ်ဆေးက ကိုယ်ခံအားစနစ် တုံ့ပြန်မှု ဖြစ်ပေါ်စေခြင်းရှိ မရှိကို သိနိုင်ပါတယ်၊ သတင်းကောင်းကတော့ ကျွန်မတို့မှာ ဘေးကင်းပြီး ကိုယ်ခံအားစနစ် တုံ့ပြန်မှုဖြစ်ပေါ်စေတဲ့ ကာကွယ်ဆေးအချို့ရှိပြီး တတိယအဆင့် စမ်းသပ်မှုလုပ်နေပါပြီ၊ တတိယအဆင့်ကတော့ အတည်ပြုချက်ရဖို့ ကာကွယ်ဆေးက အလုပ်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လိုအပ်ပါတယ်" လို့ တွဲဖက်ပါမောက္ခ Aubree Gordon က ရှင်းပြပါတယ်။

Johns Hopkins University Center for Health Security မှ ဝါရင့်ပညာရှင် Amesh Adalja ကလည်း အစောပိုင်းစမ်းသပ်မှု ရလဒ်တွေကနေ ခိုင်မာတဲ့ ကောက်ချက်ချမှုတွေလုပ်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ COVID-19 ကာကွယ်ဆေးတစ်ခု ရရှိလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မသေချာတာက ဘယ်တစ်ခုက လူတွေကို ထိုးနှံပေးနိုင်တာ ဖြစ်လာမလဲဆိုတာပါပဲ" လို့ ၎င်းက ပြောပါတယ်။

Source: Reuters

Share

Loading Next Article...
က္က