လတ်တလော ကာလအတွင်း ဗြိတိန်နိုင်ငံမှ လာရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံမှာ ၂၄ ရက်ကြာ နောက်ထပ် COVID-19 ကူးစက်မှုများ မတွေ့ခဲ့ရာမှ ယနေ့ (ဇွန် ၁၆ ရက်) ထုတ်ပြန်မှုအရ လူနာသစ် နှစ်ဦး ပြန်တွေ့လာရပါတယ်။

(Photo: Getty Images)

အသစ်တွေ့ရှိရတဲ့ COVID-19 လူနာတွေဟာ လတ်တလော ကာလအတွင်း ဗြိတိန်နိုင်ငံမှ လာရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရခြင်းက COVID-19 ကင်းစင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံများအနက် နယူးဇီလန် ပါဝင်ခဲ့မှုကို နောက်ကြောင်းပြန်စေခဲ့ပါတယ်။



နယူးဇီလန်က ဇွန် ၈ ရက်နေ့မှာ COID-19 လူနာ ကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး လူမှုဆက်ဆံရေးနဲ့ စီးပွားရေးလုပ်ငန်းများ ပိတ်ပင်ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံသားများ နေရပ်ပြန်လာကြမှုနဲ့ အခြားသူတွေကို အကြောင်းပြချက်အရ ချွင်းချက်ဖြင့် ပြည်ဝင်ခွင့်ပြုထားခဲ့ရာ အနာဂတ်ကာလမှ ကူးစက်မှုအသစ်များ ရှိလာနိုင်ကြောင်း ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက သတိပေးခဲ့ပါတယ်။

(Photo: Reuters)

ယခု စစ်ဆေးအတည်ပြုခဲ့တဲ့ လူနာ နှစ်ဦးဟာ အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီးများဖြစ်ကြပြီး ဝယ်လင်တန်မြို့ရှိ ကွယ်လွန်ခါနီး မိဘထံ သွားရောက်ခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး Ashley Bloomfield က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၎င်းတို့ဟာ ဗြိတိန်နိုင်ငံမှဖြစ်ပြီး ဒိုဟာနဲ့ ဘရစ္စဘိန်းမှတစ်ဆင့် နယူးဇီလန်ကို ဇွန် ၇ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအမျိုးသမီး နှစ်ဦးကို ကွယ်လွန်ခါနီး မိဘထံ လာရောက်တွေ့ဆုံခြင်းအတွက် ချွင်းချက်ဖြင့် ပြည်ဝင်ခွင့်ပေးခဲ့ပြီး နယူးဇီလန်သို့ရောက်ပြီးနောက် အုတ်ကလန်န်မြို့မှာ သီးခြားခွဲထားခဲ့တယ်လို့ ဆိုပါတယ်။

(နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်း) (Photo: Reuters)

လက်ရှိမှာတော့ ၎င်းတို့ နှစ်ဦးက ကိုယ်တိုင် သီးခြားခွဲနေထိုင်လျက်ရှိကြောင်း Ashley Bloomfield က ပြောခဲ့ပါတယ်။ ယခု ထပ်တိုးလာတဲ့ လူနာ နှစ်ဦးအပါအဝင် လက်ရှိအချိန်အထိ နယူးဇီလန်မှာ COVID-19 ကူးစက်ခံရသူ ၁,၅၀၆ ဦး တွေ့ရှိခဲ့ရပြီး ၂၂ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

စီးပွားရေးအင်အားကြီးတွေဖြစ်ကြတဲ့ ဘရာဇီး၊ ဗြိတိန်၊ အိန္ဒိနဲ့ အမေရိကန်ကဲ့သို့ နိုင်ငံတွေမှာ COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်လက် ရုန်းကန်နေရစဥ် လူဦးရေ ၅ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံက ကပ်ရောဂါကို ဦးစွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နယူးဇီလန်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေ ဆိုးရွားခဲ့စဥ်က စီးပွားရေးလုပ်ငန်း အများစုကို ပိတ်ပင်ခဲ့ပြီး မဖြစ်မနေ အလုပ်သွားရသူတွေကလွဲပြီး လူတိုင်းကို အိမ်မှာသာနေရန် ညွှန်ကြားထားခဲ့ပါတယ်။

(Photo: AFP)

ထိုသို့ တင်းကြပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် နယူးဇီလန်မှာ COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက်ဖြစ်ပွားမှုတွေ ကင်းစင်ခဲ့ပြီးနောက် နယူးဇီလန်က အားကစားပွဲတွေကို ပရိသတ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ ပြန်လည် ယှဥ်ပြိုင်ကစားခွင့်ပြုခဲ့တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပါတယ်။

"ကျွန်မတို့ရဲ့ ပင်လယ်ရပ်ခြား နေရာတွေမှာ ကပ်ရောဂါဖြစ်ပွားနေဆဲပါ၊ ကျွန်မတို့ ရရှိထားခဲ့တဲ့ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ဖို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ဖို့လိုပါတယ်" လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက ပြောထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က