အိန္ဒိယမှာ ယနေ့ (ဇူလိုင် ၁၇ ရက်) ထုတ်ပြန်တဲ့စာရင်းအရ ကူးစက်ခံရသူ ၁ သန်းကျော်လွန်လာပြီးနောက် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံအထိ ရှိလာခဲ့ပါတယ်။
(Photo: AFP)
ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယတစ်ဝှမ်းမှာ ကူးစက်မှုတွေကို စစ်ဆေးထိန်းချုပ်ရန် ရုန်းကန်နေရပြီး လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ သန်းနဲ့ချီ COVID-19 ကူးစက်ခံတဲ့ နောက်ထပ် နှစ်နိုင်ငံကတော့ အမေရိကန်မှာ ကူးစက်ခံရသူ ၃.၆ သန်းကျော်နဲ့ ဘရာဇီးမှာ ၂ သန်းကျော် စစ်ဆေးတွေ့ရှိထားပါတယ်။
လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယက အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် တတိယ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ သို့သော် သေဆုံးမှုနှုန်းကတော့ အိန္ဒိယမှာ လက်ရှိအချိန်အထိ COVID-19 ကြောင့် လူဦးရေ ၂၅,၆၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အဌမမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
(Photo: NY Times)
အိန္ဒိယမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် ဇူလိုင် ၁၆ ရက်မှစပြီး ဘီဟာပြည်နယ်ရှိ လူဦးရေ ၁၂၅ သန်းကျော်ကို lockdown အစီအမံများ ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၆၀၀ ကျော် တိုးလာခဲ့ပါတယ်။
အိန္ဒိယရဲ့ အိုင်တီလုပ်ငန်းများရှိရာ Bangalore မြို့နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လေ့ရှိတဲ့ ကမ်းရိုးတန်းပြည်နယ် ဂိုအာတို့မှာလည်း ယခုသီတင်းပတ် အစောပိုင်းမှစပြီး ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်လည်သတ်မှတ်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေအနီအဖွဲ့က တောင်အာရှဒေဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအသစ် ဖြစ်လာနေကြောင်း သတိပေးခဲ့ပါတယ်။
(Photo: AFP)
ကမ္ဘာတစ်ဝှမ်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။
COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ ကူးစက်မှုတွေ အမြင့်ဆုံး ဖြစ်နေကြောင်း AFP သတင်းက ဖော်ပြပါတယ်။ ထို့အတူ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း နေ့စဥ် ကူးစက်မှုအသစ်နဲ့ သေဆုံးမှုတွေ တိုးလာနေဆဲဖြစ်ပါတယ်။
(Photo: AP)
ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ အရေအတွက်ဟာလည်း ယနေ့ညဥ့်နက်ပိုင်း သို့မဟုတ် မနက်ဖြန် (ဇူလိုင် ၁၈ ရက်) မှာ ၁၄ သန်းကျော်လွန်လာနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက တင်းကျပ်တဲ့ ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးထားခဲ့ပါတယ်။