ဒုတိယအကြိမ် ကူးစက်ခံခဲ့ရပြီး ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ဆိုပါတယ်။

ဟောင်ကောင်မှာ COVID-19 က‌နေ သက်သာပျောက်ကင်းပြီးသူတစ်ဦး နောက်တစ်ကြိမ် ပြန်ကူးစက်ခံရကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရပါတယ်။

(Photo: Getty Images)

ဟောင်ကောင်အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ လေးလခွဲမှာ COVID-19 ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ နောက်တစ်ကြိမ် ပြန်ကူးစက်ခံရကြောင်း ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) မှ သုတေသီတွေက ဩဂုတ် ၂၄ ရက်နေ့မှာ ပြောပါတယ်။ ယခုတွေ့ရှိမှုအရ ကမ္ဘာတစ်ဝန်း လူဦရေ ၈၀၀,၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ ခံနိုင်ရည်ရှိပြီးဖြစ်ပေမဲ့ ဆက်လက် ကူးစက်ပျံ့နှံ့နေလိမ့်မယ်လို့ ညွှန်ပြကြောင်း ၎င်းတို့က ဆိုပါတယ်။



အသက် ၃၃ နှစ်အရွယ် ဟောင်ကောင်အမျိုးသားဟာ COVID-19 ပျောက်ကင်းသွားခဲ့ပြီးနောက် ဧပြီလအတွင်း ဆေးရုံက‌နေဆင်းခဲ့တာ ဖြစ်ပါတယ်။ သို့သော် ၎င်းဟာ ဩဂုတ် ၁၅ ရက်နေ့မှာ ဗြိတိန်မှတစ်ဆင့် စပိန်နိုင်ငံကနေ ပြန်လာခဲ့ပြီးနောက် နောက်တစ်ကြိမ် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

(Photo: Reuters)

အဆိုပါ လူနာဟာ ယခင်က ကျန်းကျန်းမာမာရှိနေခဲ့ကြောင်း ဟောင်ကောင်သုတေသီတွေက ၎င်းတို့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ ဟောင်ကောင်သုတေသီတွေရဲ့ တွေ့ရှိချက်အစီရင်ခံစာကို နိုင်ငံတကာဆေးပညာဂျာနယ် Clinical Infectious Diseases က အသိအမှတ်ပြု လက်ခံခဲ့ကြောင်းလည်း သိရပါတယ်။

ဟောင်ကောင်အမျိုးသားဟာ တစ်စုံတစ်ဦးထံမှ မျိုးဗီဇမတူညီတဲ့ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်မျိုး ကူးစက်ခံခဲ့ရကြောင်းနဲ့ ဒုတိယအကြိမ် ကူးစက်ခံခဲ့ရပြီး ရောဂါလက္ခဏာ မပြခဲ့ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သို့သော် ယခုတွေ့ရှိမှုက ကာကွယ်ဆေးတွေဟာ COVID-19 အတွက် အသုံးမဝင်ဘူးလို့ မဆိုလိုကြောင်းလည်း သုတေသီတွေက ရေးသားဖော်ပြပါတယ်။

(Photo: Reuters)

"ကာကွယ်ဆေးကြောင့် ဖြစ်ပေါ်လာတဲ့ ခံနိုင်ရည်ရှိမှုနဲ့ သဘာဝအတိုင်း ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ခံနိုင်ရည်ရှိမှုက ကွဲပြားခြားနားနိုင်ပါတယ်၊ ကာကွယ်ဆေးတွေက ဘယ်လောက် ထိရောက်မှုရှိလဲဆိုတာ စမ်းသပ်မှုရလဒ်တွေကို စောင့်ကြည့်သွားဖို့ လိုအပ်ပါမယ်" လို့ သုတေသနတွေ့ရှိမှုကို ဦးဆောင်ရေးသားခဲ့သူ ဒေါက်တာ Kai-Wang To က Reuters သတင်းဌာနကို ပြောပါတယ်။

ဟောင်ကောင်မှာ တွေ့ရှိရတဲ့ နောက်တစ်ကြိမ် ပြန်လည်ကူးစက်ခံရမှုကို ကောက်ချက်ချရန် အထိတ်တလန့်ဖြစ်စရာ မလိုဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Maria Van Kerkhove က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

(Photo: Sam Panthaky/AFP)

COVID-19 ကနေ ပြန်လည်သက်သာကာ ဆေးရုံဆင်းခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ကူးစက်ခံရသူတွေ တရုတ်ပြည်မကြီးမှာလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သို့သော် ၎င်းတို့ဟာ ဟောင်ကောင်လူနာကဲ့သို့ အပြည့်အဝ ပြန်လည်သက်သာပြီးမှ နောက်တစ်ကြိမ် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း သိုမဟုတ် ဗိုင်းရပ်စ်ဟာ ၎င်းတို့ ခန္ဓာကိုယ်အတွင်း ကနဦး ကူးစက်ခံမှုကနေ ဆက်လက်ကျန်ရှိနေခြင်း ဖြစ်ကြောင်း အတိအကျ မသိရပါဘူး။ 

ယခင်လေ့လာမှု တွေ့ရှိချက်တစ်ခု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည်သက်သာလာတဲ့ COVID-19 လူနာတွေမှာ ဗိုင်းရပ်စ် ပြန်ကူးစက်မခံရနိုင်ရန် အကူအညီပေးနိုင်တဲ့ ၎င်းတို့ရဲ့ ကိုယ်ခံစွမ်းအား (ကိုရိုနာဗိုင်းရပ်စ်ခံနိုင်ရည်ရှိမှု) ဟာ လပိုင်းအတွင်း ပျောက်ဆုံးသွားနိုင်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားတဲ့ သုတေသနတစ်ခုကလည်း ဖော်ြပထားခဲ့ဖူးပါတယ်။

(Photo: Reuters)

King's College London မှ သုတေသီတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က နေပြန်ကောင်းလာတဲ့ COVID-19 လူနာတွေရဲ့ ဗိုင်းရပ်စ် ပြန်မကူးစက်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို လေ့လာခဲ့ကြတာဖြစ်ပြီး ထိုကဲ့သို့ ပထမဆုံးအကြိမ် လေ့လာမှုလည်း ဖြစ်ခဲ့ပါတယ်။

ထိုလေ့လာမှုအရ သုံးလကြာပြီးနောက်မှာ နေပြန်ကောင်းပြီးသူတွေထံမှာ COVID-19 မဖြစ်စေရန် ဗိုင်းရပ်စ်ကို ထိန်းချုပ်တိုက်ထုတ်တဲ့ ပဋိပစ္စည်းများ ၁၆.၇ ရာခိုင်နှုန်းသာ ဆက်ရှိနေတာ တွေ့ရပါတယ်။ အချို့ လူနာတွေရဲ့ သွေးအတွင်းမှာတော့ သုံးလကြာပြီးနောက် ဗိုင်းရပ်စ် ပြန်ကူးစက်မခံရနိုင်စေတဲ့ ပဋိပစ္စည်းများ မတွေ့ရဘူးတော့ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က