ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (ဩဂုတ် ၁၈ ရက်) မနက်အစောပိုင်းမှာ ၂၂ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၂၂ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၇၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၄.၇ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ ၂၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၁၄ ရက်နေ့မှာ ၇၅၂,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၄,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅.၆ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၇၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃.၃ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၀၈,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၂.၇ သန်းကျော်နဲ့ သေဆုံးသူ ၅၁,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ အမေရိကန် ပြည်နယ်အများစုမှာ နေ့စဥ် ကူးစက်မှုအသစ်များ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး စာသင်ကျောင်းအချို့ကို ပြန်ပိတ်ရမှုနဲ့ ပြန်ဖွင့်မယ့်အစီအစဥ် ရွှေ့ဆိုင်းရမှုတွေ ရှိခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့မှာလည်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေကြောင်း သိရပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ဒေသတွင်း ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။

ထိုအတောအတွင်း အရှေ့တောင်အာရှမှ မလေးရှားနိုင်ငံမှာ ကူးစက်မှု ၁၀ ဆ ပိုမြန်တဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောခဲ့ပါတယ်။ D614G လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အသွင်ပြောင်းမျိုးကွဲတစ်ခုကို တွေ့ရှိခဲ့ရကြောင်းနဲ့ အများပြည်သူအနေနဲ့ ပိုမိုဂရုစိုက်ကြရမယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး နူးရ်ဟစ်ရှမ်အဗ္ဗဒူလာက ပြောခဲ့ပါတယ်။

(Image: MoHS webpage screengrab)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုတော့ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက် ည ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၃၇၆ ဦး ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် ၃၃၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၁၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၃၆,၁၅၃ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၀၆၉ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က