COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁၃.၉ သန်းကျော် ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ် ၁၄ ရက် မနက်အစောပိုင်းမှာ ၂၁ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၂၁ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၅၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၃.၉ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ သန်း ၂၀ ကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၁၀ ရက်နေ့မှာ ၇၃၃,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၁၉,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅.၄ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၇၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

(Photo: Reuters)

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃.၂ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၀၅,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၂.၄ သန်းကျော်နဲ့ သေဆုံးသူ ၄၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့မှာလည်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေကြောင်း သိရပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ရုရှားနိုင်ငံက ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုလိုက်ရာ နိုင်ငံတစ်နိုင်ငံက အများပြည်သူကို ထိုးနှံပေးရန် အတည်ပြုလိုက်တဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးလည်း ဖြစ်လာပါတယ်။ ရုရှားက အတည်ပြုလိုက်တဲ့ ကာကွယ်ဆေးကို စိတ်ဝင်စားမှုများရှိသလို ဘေးအန္တရာယ်ကင်းမှုအပေါ် သံသယတွေလည်း ရှိနေခဲ့ပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ဒေသတွင်း ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက် ည ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၃၆၉ ဦး ဖြစ်လာပါတယ်။

(Image: MoHS webpage screengrab)

ဩဂုတ် ၁၃ ရက် ညပိုင်း ထုတ်ပြန်မှုအရ အတည်ပြုလူနာဦးရေ တိုးလာမှုဟာ ဇွန် ၁၉ ရက်နောက်ပိုင်း အများဆုံးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် ၃၂၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၁၃ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၃၀,၅၃၉ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၀၀၀ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ယနေ့ (ဩဂုတ် ၁၄ ရက်) မနက် ၈ နာရီအချိန် ထုတ်ပြန်ရာမှာတော့ COVID-19 အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က