နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး တောမီးလောင်မှုဖြစ်ပါတယ်။

ဥရောပ နေရာဒေသများတစ်လျှောက် အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေပြီး စပိန်နိုင်ငံမှာ တောမီးလောင်မှုများ ဖြစ်ပွားနေရာ ရာနဲ့ချီတဲ့ မီးသတ်သမားတွေက ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေရပါတယ်။

(Photo: AFP/Getty Images)

စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသမှာ ယခု လောင်ကျွမ်းနေတဲ့ တောမီးဟာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံးဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဂရိနဲ့ဂျာမနီမှာလည်း အပူချိန်များ မြင့်တက်ရာမှ တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စပိန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ အလွန်ပူပြင်းမှု ကြုံနေရကြောင်း သိရပါတယ်။



ဂျာမနီ၊ ပိုလန်နဲ့ ချက်ရီပတ်ဘလစ်နိုင်ငံတွေမှာလည်း ဗုဒ္ဓဟူးနေ့ (ဇွန် ၂၆ ရက်) က ဇွန်လရဲ့ အမြင့်ဆုံးအပူချိန် စံချိန်တင်ခဲ့ပါတယ်။ ဥရောပတစ်လွှား အပူလှိုင်းကျရောက်နေမှုဟာ အာဖရိကမြောက်ပိုင်းမှ လေပူများ ဝင်ရောက်လာမှုကြောင့် ဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။

(Photo: EPA)

လာမယ့် သုံးရက်အတွင်း ဥရောပရှိ နိုင်ငံအများအပြားမှာ အပူချိန်မြင့်တက်မှုတွေ ကြုံရနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ယနေ့ (ဇွန် ၂၇ ရက်) မွန်းလွဲပိုင်းအချိန်မှာ အီတလီနိုင်ငံ တူရင်မြို့ရဲ့ အပူချိန်ဟာ ၃၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပါတယ်။ ထို့အတူ စပိန်နိုင်ငံ ဇာရာဂိုဇာမြို့မှာ အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်သစ်တောင်ပိုင်း Avignon မြို့မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်ယပ်သို့ မြင့်တက်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသမှာ အပူချိန်မြင့်တက်ရာမှ ဖြစ်ပွားခဲ့တဲ့ တောမီးကြောင့် မြေဧက ၁၀,၀၀၀ လောင်ကျွမ်းခဲ့ပြီး တိရိစ္ဆာန်များ သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ တောမီးကြောင့် လူ ၃၀ ဦး ရွှေ့ပြောင်းခဲ့ရပြီး လမ်းမငါးခုကို ပိတ်ထားရပါတယ်။ စပိန်နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းရှိ ဒေသ ၁၁ ခုမှာ အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်သို့ မြင့်တက်မယ်လို့ဆိုပါတယ်။

(Photo: EPA)

စပိန်အရှေ့မြောက်ပိုင်း ဒေသတွေမှာတော့ အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။ အီတလီနိုင်ငံမှာလည်း အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အီတလီရှိ ရောမမြို့ အပါအဝင် မြိုကြီးတွေမှာ အပူချိန်အမြင့်ဆုံး ရောက်ရှိနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။

(Photo: AFP/Getty Images)

ပြင်သစ်နိုင်ငံမှာလည်း တစ်နိုင်ငံလုံးမှာ အပူဒဏ်အန္တရာယ် သတိပေးချက်ကို ဒုတိယအမြင့်ဆုံးဖြစ်တဲ့ လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ အပူဒဏ်အန္တရာယ်ကြောင့် ပါရီမြို့ဧရိယာအတွင်းရှိ စာသင်ကျောင်း အများအပြားကို ပိတ်ထားပါတယ်။ ပြင်သစ်မှာ အဆိုးရွားဆုံး အပူလှိုင်းကျရောက်မှုကို ၂၀၀၃ ခုနှစ်အတွင်း ကြုံခဲ့ဖူးပြီး ထိုစဉ်က အပူဒဏ်ကြောင့် လူဦးရေ ၁၅,၀၀၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က