၂ လအတွင်း ဆင်အကောင်ရေ ၃၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ယခုနှစ်အတွင်း ဘော့ဆွာနာနိုင်ငံမှာ ဆင်အကောင်ရေ ရာနဲ့ချီ ပဟေဠိဆန်စွာ သေဆုံးခဲ့မှုဟာ ရေထဲမှာ ဆိုင်ယာနိုဘက်တီးရီးယား (cyanobacteria) က ထုတ်လွှတ်တဲ့ အဆိပ်သင့်မှုကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

(Photo: BBC)

ဘော့ဆွာနာ တာဝန်ရှိသူတွေက ဆင်အကောင်ရေ များပြားစွာ သေဆုံးခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုရလဒ်ကို ယနေ့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘော့ဆွာနာနိုင်ငံမှာ အာဖရိကရဲ့ လျော့နည်းကျဆင်းနေတဲ့ ဆင်အကောင်ရေ သုံးပုံတစ်ပုံ ကျက်စားနေထိုင်ကြတယ်လို့ သိရပါတယ်။



အာဖရိကတောင်ပိုင်းရှိ ဘော့ဆွာနာနိုင်ငံ Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ မေလဆန်းမှ ဇွန်လအတွင်း ဆင်အသေကောင် ၃၃၀ ကျော်ကို တွေ့ရှိခဲ့ရပြီး သေဆုံးမှုအကြောင်းရင်းဟာ ထိုစဥ်က ပဟေဠိဖြစ်ခဲ့ပါတယ်။ ဆင်တွေသေဆုံးမှုဟာ တောရိုင်းတိရိစ္ဆာန် ခိုးယူသတ်ဖြတ်သူတွေကြောင့် မဟုတ်ဘူးလို့ ကောက်ချက်ချထားခဲ့ပါတယ်။

(Photo: BBC)

ထို့နောက် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြရာမှာတော့ စုစုပေါင်း ဆင်အကောင်ရေ ၃၃၀ သေဆုံးမှုဟာ ဆိုင်ယာနိုဘက်တီးရီးယားရဲ့ အဆိပ်ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဆိုင်ယာနိုဘက်တီးရီးယားဟာ ပုံမှန်အားဖြင့် ရေထဲမှာရှိပြီး တစ်ခါတရံ မြေကြီးထဲမှာလည်း တွေ့ရှိရတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

ဆိုင်ယာနိုဘက်တီးရီးယား အားလုံးက အဆိပ်မထုတ်ပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်း အပူချိန်များ မြင့်တက်လာမှုနဲ့အတူ အဆိပ်ထုတ်တဲ့ ဆိုင်ယာနိုဘက်တီးရီးယားတွေကို မကြာခဏ ပိုမိုတွေ့ရှိလာရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Photo: De Agostini/Getty Images)

ဘော့ဆွာနာမှာ ဆင်အကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တောင်အာဖရိ၊ ကနေဒါ၊ ဇင်ဘာဘွေနဲ့ အမေရိကန်တို့ရှိ အထူးပြု ဓာတ်ခွဲခန်းတွေမှာ လနဲ့ချီ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဆိုင်ယာနိုဘက်တီးရီးယား အဆိပ်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘော့ဆွာနာနိုင်ငံမှာ ဆင်အကောင်ရေ ရာနဲ့ချီ သေဆုံးခဲ့မှု ပဟေဠိဖြစ်နေ

ဆိုင်ယာနိုဘက်တီးရီးယား (cyanobacteria)

  • ဆိုင်ယာနိုဘက်တီးရီးယားကို blue-green algae လို့လည်း သိထားကြပြီး ကမ္ဘာတစ်ဝန်း အာဟာရဓာကြွယ်ဝတဲ့ ရေသေတွေ (ရေအိုင်၊ ရေကန်) ထဲမှာ တွေ့ရပါတယ်။
  • ဆိုင်ယာနိုဘက်တီးရီးယား မျိုးစိတ်အချို့က လူနဲ့တိရိစ္ဆာန်တွေကို ထိခိုက်စေတဲ့ အဆိပ်များ ထုတ်လွှတ်ပါတယ်။
  • လူတွေမှာ ဆိုင်ယာနိုဘက်တီးရီးယား အဆိပ်များ ပါဝင်နေတဲ့ ရေကို သောက်မိခြင်း သို့မဟုတ် ရေချိုးရာမှ ထိတွေ့မိခြင်းတို့ဖြင့် အဆိပ်သင့်နိုင်ပါတယ်။
  • ဆိုင်ယာနိုဘက်တီးရီးယား အဆိပ်သင့်လက္ခဏာများမှာ အရေပြားယားယံခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း ပါဝင်ပါတယ်။
  • တောရိုင်းတိရိစ္ဆာန်များ၊ ငှက်များနဲ့ ငါးများဟာလည်း ဆိုင်ယာနိုဘက်တီးရီးယားက ထုတ်လွှတ်တဲ့ အဆိပ်ပမာဏများများဖြင့် အဆိပ်သင့်နိုင်ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က